ယူနိုက်တက်နှင့်ကစားမယ့်ပွဲမတိုင်မီ ချဲလ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းကနေ အန်ဇိုကို ချန်လှပ်ခဲ့ခြင်းအပေါ် နည်းပြ မာရက်စ်ကာက ရှင်းပြလိုက်ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်ဖို့ မာရက်စ်ကာရောက်လာချိန်မှာ အန်ဇိုဟာ အသင်းခေါင်းဆောင်အဖြစ် ရာသီအစမှာ ကစားခဲ့တာဖြစ်သော်လည်း နောက်ပိုင်းမှာတော့ နည်းပြက သူ့ကိုသဘောမကျတော့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေစင်ကစားသမားဟာ လီဗာပူး၊ နယူးကာဆယ်တို့နှင့် ကစားခဲ့တဲ့ပွဲတွေမှာ အရန်ခုံတွင် ထိုင်ခဲ့ရတာဖြစ်ပြီး ကာရာဘောင်နှင့် ကွန်းဖရင့်လိဂ်ပွဲစဉ်တွေမှာသာ ကစားခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်မှာ လာဗီးယာနှင့် ကိုင်စီဒိုအတွဲကိုသာ နည်းပြက အသုံးပြုနေပြီး တနင်္ဂနွေနေ့ ယူနိုက်တက်နှင့်ပွဲမတိုင်မီ သူ့ရဲ့အတွေးအမြင်ကို မာရက်စ်ကာက ရှင်းပြလိုက်ပါတယ်။
သတင်းထောက်တွေကို မာရက်စ်ကာက “ကျွန်တော် သူ့ကို ယုံကြည်ပါတယ်။ သူ့ကို ယုံကြည်မှုပျောက်ဆုံးသွားစရာ အကြောင်းပြချက်ဆိုတာ မရှိပါဘူး။ ကျွန်တော်ဟာ အခြားဆုံးဖြတ်ချက်တစ်ခုကို ချနေတာကြောင့်သာ သူက ပရီးမီးယားလိဂ်မှာ မကစားရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အန်ဇို ပွဲမထွက်ရတဲ့အပေါ် အခြားအကြောင်းပြချက်တွေကို ရှာနေကြမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းကြီးသိပါတယ်။ ဒါက အရမ်းကိုရိုးရှင်းပါတယ်။ သူက လက်ရှိအချိန်မှာ မကစားရပေမယ့် ကျွန်တော့်တို့မှာ ကစားရမယ့်ပွဲတွေ အများကြီးရှိနေတပါတယ်။ အနာဂတ်မှာ သေချာပေါက် သူက ကစားရမှာပါ။ ဒီလိုမို့ လာဗီးယာနဲ့ ကိုင်စီဒိုတို့ အမြဲကစားရမယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ အပြောင်းအလဲဆိုတာလည်း ဖြစ်လာနိုင်ပါတယ်”
“ဒါဟာ မျှခြေရှိဖို့အတွက်ဖြစ်ပါတယ်။ သူတို့ ၂ ဦးက ကွင်းလယ်မှာ ရုပ်ဆိုင်းဆိုင်ရာအရ တောင့်တင်းပါတယ်။ ဒါကြောင့်ပဲ ဂက်စ်တိုကို ထိန်းထားနိုင်တာပါ။ ဒါ့အပြင့် အန်ဇိုနဲ့ ကစားတဲ့အခါ ကိုင်စီဒို သို့မဟုတ် လာဗီးယာနဲ့ တွဲရမှာပါ။ အန်ဇိုက တိုက်စစ်ကိုသွားကစားရင် ကွင်းလယ်မှာ ရုန်းကန်ရပါပြီ။ ဒါကြောင့် လက်ရှိအချိန်မှာ ကိုင်စီဒိုနဲ့ လာဗီးယာကို ပွဲထုတ်ထားတာပါ။ ဖီးလစ်နဲ့ ပါမားလ်ကို ထုတ်ပြီးတော့လည်း ကျွန်တော်တို့ ကစားလို့မရပါဘူး။ ပွဲအပေါ်မူတည်ပြီး လုပ်ရတာပါ” လို့ ပြောပါတယ်။
ချဲလ်ဆီးမှာ အန်ဇိုက ရုန်းကန်နေရတာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ ကိုပါအမေရိအောင်ပွဲတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းများလုပ်ခဲ့တာကြောင့် အားလုံးရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း အသင်းဖော်တွေကို အန်ဇိုက တောင်းပန်ခဲ့သလို ချဲလ်ဆီးရဲ့ စည်းကမ်းပိုင်းဆိုင်ရာအရ အပြစ်ပေးအရေးယူခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ စက်တင်ဘာလတုန်းက ယာဉ်မောင်းခွင့် ၆ လ ပိတ်ပင်ခြင်းခံခဲ့ရသလို အမျိုးသမီးနှင်လည်း မကြာသေးခင်ကမှ လမ်းခွဲထားတာဖြစ်ပါတယ်။
ချဲလ်ဆီးက ဈေးကြီးပေး ခေါ်ယူထားတဲ့ ကစားသမားဟာ နည်းပြကို ယုံကြည်အောင်မလုပ်ထားနိုင်တာဖြစ်ပြီး မာရက်စ်ကာအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ လူအများကြီး စီမံခန့်ခွဲနေရာသလို အန်ဇိုအနေနဲ့လည်း ပွဲထွက်ခွင့်ရရှိဖို့ ထိုက်တန်မှု ရှိနေပါတယ်။ တနင်္ဂနွေနေ့ ယူနိုက်တက်နှင့်ပွဲမှာလည်း သူက အရန်ခုံမှာထိုင်ရမှာဖြစ်ပြီး ကြာသပတေးနေ့ နိုအက်နှင့်ကစားမယ့် ကွန်းဖရင့်လိဂ်ပွဲမှာတော့ ပွဲထွက်လာရဖွယ်ရှိနေပါတယ်။