ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက် အသင်းကို ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အတူ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ထိုပွဲအပြီး နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ ခြေစွမ်းပြဖို့ ရုန်းကန်မြဲ ရုန်းကန်ဆဲ ဖြစ်နေတဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ကို အပေါ် အခုလိုပဲ ဝေဖန်ခဲ့ပါတယ် ။
ပိုချက်တီနို က ” ဒီလိဂ်က အရမ်း လျင်မြန်ပါတယ် ။ သူ့အနေနဲ့ ပွဲအကြောင်း ပိုပြီး နားလည်ဖို့ ၊ အသင်းနဲ့ အချိတ်အဆက် ပိုမိနိုင်ဖို့ လိုပါတယ် ။ ဒီရာသီ အတွင်း သူ တိုးတက်လာဖို့ အတွက် အချိန်နဲ့ လိုအပ်တဲ့ အရာတွေ ကျွန်တော်တို့ ပေးဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ ဘုန်းမောက်နဲ့ ပွဲအပြီး ပိုချက်တီနိုရဲ့ မှတ်ချက် အပေါ် မူဒရစ် ကျေနပ်နေမှာ မဟုတ်သလို ၊ အနာဂတ်မှာလည်း ကစားသမားတိုင်းရဲ့ ခြေစွမ်းကို ကြည့်ပြီးမှ တဦးချင်းစီကို ထုတ်နုတ် ဝေဖန်သင့်ကြောင်း ပိုချက်တီနိုထံ အခုလို မက်ဆေ့ခ်ျ ပေးသွားပါတယ် ။
BetFair နဲ့ တွေ့ဆုံခဲ့ရာမှာ ပီတစ် က ” ဒီအသင်းမှာ မူဒရစ် တယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး ။ ဒီတော့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့တယောက်တည်းကို လက်ညှိုးထိုး ဝေဖန်တာက ပိုချက်တီနို အပေါ် အထောက်အကူ ပေးမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ သူဟာ လက်ရှိမှာ ယုံကြည်ချက်ရှိရှိနဲ့ မကစားနေလို့ပါ ။ ”
” မန်နေဂျာက ငါ့ကျမှ ပရီးမီးယားလိဂ်မှာ ဘယ်လိုဘယ်ပုံ ကစားရမယ်မှန်း မသိဘူးလို့ ဘာကြောင့် ပြောနေတာလဲ ဆိုပြီး သူ တွေးတောနေပါလိမ့်မယ် ။ ဒါဟာ မူဒရစ် အတွက် ကောင်းတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး ။ အက်စတွန် ဗီလာနဲ့ ပွဲမှာ သူ အရန်ခုံ ပြန်ရောက်လိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ် ။ ”
” ပိုချက်တီနိုဖက်ကလည်း နောက်တခါ ဒီလိုမျိုး ပြောချင်တယ်ဆိုရင် တခြား အသင်းသားတွေရဲ့ ကစားပုံကို ကြည့်သင့်ပါတယ် ။ ဘာလို့လဲဆိုတော့ ဘုန်းမောက်ပွဲရလဒ်က မူဒရစ် တယောက်တည်းကြောင့် မဟုတ်လို့ပါ ။ ဒီခြေစွမ်းနဲ့ ချဲလ်ဆီးဟာ တပတ်လုံး အချိန်ယူပြီး ကစားရင်တောင်မှ ဂိုးသွင်းနိုင်မှာ မဟုတ်ပါဘူး ။ ”
” ကစားသမားတွေဟာ တူညီတဲ့ ဘာသာစကားကို ပြောနေကြတာ မဟုတ်တဲ့အတွက် တယောက်နဲ့ တယောက် နားလည်မှု မရှိကြပါဘူး ။ ဒီပွဲကြည့်ပြီး ကျွန်တော် ပျင်းတောင်ပျင်းလာခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပီတစ်က အခုအချိန် အထိ ပရီးမီးယားလိဂ် သွင်းဂိုး ရှာမတွေ့သေးတဲ့ မူဒရစ် အနေနဲ့ ခြေစွမ်း တိုးတက်နိုင်ဖို့ဆိုရင် မန်စီးတီး ကြယ်ပွင့်သစ် ဂျရေမီ ဒိုကူကဲ့သို့ ကစားသင့်ကြောင်း အခုလိုပဲ အကြံပြုသွားပါတယ် ။
ပီတစ် က ” တိုင်းတပါး ကစားသမားတွေဟာ ပရီးမီးယားလိဂ် စရောက်တာနဲ့ ချက်ချင်း ခြေစွမ်းပြနိုင်ဖို့ထက် ရုန်းကန်ရတာက ပိုများတာကို ခင်ဗျားတို့လည်း တွေ့ရမှာပါ ။ ကြံ့ခိုင်မှု အရ တောင်းဆိုတာတွေ များလွန်းသလို ၊ အပြေးနှုန်းကလည်း ပါနေပါတယ် ။ ဘောလုံး လက်ခံမရခင် ခင်ဗျားမှာ ၁စက္ကန့် ၊ ၂စက္ကန့်လောက်ပဲ စဉ်းစားဖို့ အချိန်ရပါတယ် ။ ”
” မူဒရစ်မှာက ကြံ့ခိုင်မှုအားရော ၊ အပြေးအားပါ ရှိနေပါတယ် ။ ဒါပေမယ့် သူ ရုန်းကန်နေရပါတယ် ။ ဒါက တကယ့် ပဟေဠိပါပဲ ။ မူဒရစ်ဟာ ဂိုးပေါက်ကို ကျောပေးပြီး အမြဲ ကစားနေတာကို တွေ့ရပါတယ် ။ သူဟာ မန်စီးတီးက ဂျရေမီ ဒိုကူ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကစားခဲ့သလို ဂိုးပေါက်ဆီ တန်းပြေးပြီး ကစားသင့်ပါတယ် ။ ”
” သူဟာ ဘောလုံးရတာနဲ့ လှည့်ထွက်တယ် ၊ သူ့ရဲ့ ပြိုင်ဖက် နောက်ခံလူတွေဆီ ပြေးတယ် ၊ နောက်တော့ သူ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ မူဒရစ်ကတော့ အပြေးအားပဲ ရှိပြီး ဒီလိုမျိုး မကစားတတ်နေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။