မန်စီးတီးအသင်း၏ တိုက်စစ်မှူးဟောင်း အဂွဲရိုးက အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်စွမ်းရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျေဇူး၊ ဇင်ချန်ကို၊ ဗီယေရာတို့အပါအဝင် ကစားသမားသစ် (၅) ဦးကို ပေါင်သန်း (၁၀၀) ကျော်အသုံးပြုကာ ခေါ်ယူထားသည်။
ထို့ပြင် အာဆင်နယ်အသင်းအနေဖြင့် ရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရာသီသစ်တွင် ဖျက်မြင်းအသင်းအဖြစ် မြင်တွေ့ရမည်ဟု အဂွဲရိုးက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်နည်းပြ အာတီတာနှင့် မန်စီးတီးအသင်းတွင် လက်တွဲခဲ့ဖူးသည့် အဂွဲရိုးက “ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကျွန်တော့်ရဲ့ထင်မြင်ချက်ကတော့ မန်စီးတီးအသင်း ချန်ပီယံဆု ထပ်ယူနိုင်မယ်လို့ ထင်ပါတယ်။ စိန်ခေါ် နိုင်မယ့်စာရင်းမှာ လီဗာပူးလ်၊ ချယ်လ်ဆီးတို့နဲ့အတူ အာဆင်နယ်ကိုလည်း ထည့်သွင်းချင်ပါတယ်။ အာဆင်နယ်က တစ်ခုခုပြောစရာဖြစ်အောင် လုပ်ပြနိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် (မြန်မာစံတော်ချိန် စနေနေ့ နံနက် ၁:၃၀ နာရီတွင်) ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်း၌ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။