ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းနိုင်ပွဲ (၁၀)ပွဲမြောက်ကို ရရှိခြင်းဖြစ်ခဲ့သည်။
တူဟယ်လ်သည် ယင်းကဲ့သို့ အဝေးကွင်းနိုင်ပွဲ(၁၀)ပွဲရရှိရန်အတွက် အဝေးကွင်းပွဲစဉ်(၁၄)ပွဲ ကိုင်တွယ်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အဝေးကွင်းနိုင်ပွဲ(၁၀)ပွဲကို ပွဲအရေအတွက် ဒုတိယအနည်းဆုံးဖြင့် ရယူနိုင်သောနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
တူဟယ်လ်မတိုင်မီက ချယ်လ်ဆီးအသင်း၏ နည်းပြများဖြစ်ကြသော ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုနှင့် ဒတ်ချ်လူမျိုးနည်းပြ ဂူဟစ်ဒင့်တို့က ၎င်းတို့ ပထမဆုံးကိုင်တွယ်သော ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်(၁၃)ပွဲတွင် နိုင်ပွဲ(၁၀)ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းအား ပထမအကြိမ် စတင်ကိုင်တွယ်သည့် ၂၀၀၄-၀၅ ဘောလုံးရာသီတွင် ယင်းမှတ်တမ်းကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဂူဟစ်ဒင့်မှာမူ ချယ်လ်ဆီးအသင်းအား ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့သည့် (၂)ကြိမ်တွင် ပထမဆုံး ကိုင်တွယ်သော ပရီးမီးယားလိဂ်အဝေးကွင်း (၁၃)ပွဲ၌ နိုင်ပွဲ (၁၀)ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
နယူးကာဆယ်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့်ဂိုးသွင်းခဲ့သည့် ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပယ်နယ်တီ(၁၀)ဂိုးဆက်တိုက်အား ဂိုးဝင်အောင်ကန်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။