ဒီနှစ် ဘောလုံးရာသီ ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲလို့တောင် သတ်မှတ်လို့ရသွားနိုင်တဲ့ ပွဲကြီး ပွဲကောင်း တစ်ပွဲကို ဒီတစ်ပတ်မှာ ပရိသတ်တွေ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
ဒီပွဲကတော့ အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နေတဲ့ ယူနိုက်တက် နဲ့ ဒုတိယ နေရာမှာ ရှိနေတဲ့ လီဗာပူး တို့ရဲ့ အန်ဖီးလ်မှာ ထိပ်တိုက် တွေ့ဆုံကြမယ့် ပွဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ အစဉ်အလာကြီးမားလွန်းတဲ့ ပြိုင်ဘက်တွေ ဖြစ်ပြီး ၊ အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်းတွေလဲ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ဒီတစ်ကြိမ် အန်ဖီးလ်မှာ ကစားမယ့် ပွဲစဉ်ဟာ ပရိသတ်တွေ ပါဝင်ခြင်း မရှိတာကြောင့် သူတို့အတွက် အားသာချက် တစ်ခုလို့ ဆိုလိုက်ပါတယ်။
“ ကျနော် တို့ အသင်းက မုဆိုးတွေလိုပါပဲ။
သူတို့ အသင်းမှာ သူတို့ အခွင့်အရေး ရှိတယ် ၊ ဆုဖလားကြီးလဲ ရှိသလို ၊ လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်မျိုးလဲ ပိုင်ဆိုင်ထားတယ်လေ။ ပြီးတော့ သူတို့ အသင်းကို ပြိုင်ဘက်တိုင်းက အနိုင်ယူပြချင်တာပါ” လို့ စတင် ပြောဆိုလာခဲ့ ပါတယ်။
ဆက်လက်ပြီး နော်ဝေသားကြီး က “ ကျနော့် အမြင်မှာတော့ ဘောလုံး မှာ ကွင်းအတွင်း စွမ်းဆောင်ရည် ရလာဒ်တွေ က ပရိသတ်တွေ နဲ့ အများကြီး ဆိုင်မယ် ထင်ပါတယ်။
ကျနော်တို့ ဆိုရင် မနှစ်က အန်ဖီးလ် ကွင်းထဲမှာ ရှုံးပွဲ ကြုံပြီးကတည်းက ၊ အဝေးကွင်းမှာ တစ်ပွဲမှ မရှုံးတော့ပါဘူး။ ဒါက ပြိုင်ဘက်ကွင်းတွေမှာ ပရိသတ်တွေ မရှိတဲ့ အချက်နဲ့ ပတ်သက်နေမယ် ထင်ပါတယ်။
အခုတော့ အန်ဖီးလ်ကွင်း ဆိုတာလဲ မြက်ပင်တွေ နဲ့ ရေးဆွဲထားတဲ့ စည်းမျဉ်းလိုင်းတွေပဲ ရှိတော့မှာပါ။ အိမ်ကွင်း အားသားချက်တွေ ၊ အဝေးကွင်း အားနည်းချက်တွေ က ရှိတော့မှာ မဟုတ်ပါဘူး။
ဒီအနေအထားက မနှစ်ကနဲ့ ပြန်ပြီး ချိန်ထိုး ယှဉ်ကြည့်လိုက်မယ် ဆိုရင် ၊ ကျနော်တို့ အတွက် အားသာချက် အနည်းငယ်တောင် ရလိုက်သလိုပါပဲ။
အိမ်ကွင်းမှာ ကိုယ့်ပရိသတ်တွေ နဲ့ အတူ ကစားရတယ် ဆိုတာက ကစားသမားတွေ ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပေါ်ထွက်လာစေတယ်လေ” လို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း ရှုံးပွဲ လုံး၀ မရှိသေးတဲ့ အသင်း ဖြစ်သလို ၊ ယူနိုက်တက် ကလဲ အဝေးကွင်း ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
နည်းပြ ဆိုးရှား ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်ခွင့် ရရှိထားခြင်း အပေါ် လုံး၀ အံ့အားမသင့်မိဘူးလို့ အခုလို မှတ်ချက် ပေးလာခဲ့ပြန်ပါတယ်။
“ ကျနော် တို့ အသင်းက ဘယ်လို ပြိုင်ဘက်မျိုးကို မဆို ၊ နေရာမရွေး ၊ ကွင်းမရွေး အနိုင် ကစားပြနိုင်တယ် ဆိုတာ သိပါတယ်။ ကျနော်တို့ အတွေးထဲမှာ အခြား အကြောင်းအရာတွေ မရှိပါဘူး။ အဓိက က စွမ်းဆောင်ရည် ကိုပဲ အာရုံစိုက်ထားတာပါ။
ဒီပွဲဟာ ကျနော်တို့ ရဲ့ ရပ်တည်မှု နဲ့ ပတ်သတ်ပြီး အသေချာ စမ်းသပ်မယ့် ပွဲမျိုး ဖြစ်ပါတယ်။ ဒီရာသီ မှာ ဆိုရင် ကျနော်တို့ကလဲ ခက်ခဲတဲ့ ပွဲစဉ်တွေကို ရအောင် အနိုင် ကစားပြထားသလို ၊ နောက်ကျသွင်းဂိုးတွေလဲ အများကြီး သွင်းယူ ပြထားတာလေ။
အန်ဖီးလ်လို နေရာမျိုးမှာ အနိုင်ရဖို့ ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရှိနေလို့ လိုအပ်ပါတယ်။
လက်ရှိ ရပ်တည်မှု အနေအထားကြောင့်လဲ ယုံကြည်မှုတွေတော့ ပေးတာပေါ့။ ဒါဟာ ကျနော်တို့ ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် မြင့်မားလဲ ဆိုတာ ညွှန်ပြထားတဲ့ ရလာဒ် တစ်ခုပဲလေ။ သို့သော်လဲ တစ်ကြိမ် ရင်ဆိုင် တိုက်ပွဲ ဝင်ရမှာက ချန်ပီယံ အသင်းနဲ့ပါ။
သူတို့ ရဲ့ အန်ဖီးလ် ကွင်းထဲက ပရီးမီးယားလိဂ် မှတ်တမ်းက အံ့အားသင့်စရာ ကောင်းလွန်းပါတယ်။ အဲဒီ ကွင်းထဲမှာ သူတို့ ရှုံးပွဲ လုံး၀ မကြုံတာ နှစ်တွေ ချီနေပါပြီ။
ဒါကြောင့် ကျနော်တို့ အတွက် အရမ်းကောင်းတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။ အံ့အားသင့်စရာ ရလာဒ်တွေ ထွက်ပေါ်အောင် လုပ်ပြနိုင်မလား ဆိုတာတော့ စောင့်ကြည့်ကြတာပေါ့” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ်။