ဂါဘွန်လက်ရွေးစင်အသင်းသည် နှလုံးရောဂါသံသယဖြစ်ဖွယ်အခြေအနေ ရှိနေသောကြောင့် တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်အသင်းထံ ပြန်ပို့ခဲ့ကြောင်း သိရသည်။
အူဘာမီယန်း(၃၂ နှစ်)သည် ဂါဘွန်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသည့် အသင်းခေါင်းဆောင်ကစားသမားဖြစ်သော်လည်း လက်ရှိကျင်းပနေသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုအဖွင့်(၂)ပွဲစလုံး ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ။
အူဘာမီယန်းသည် ပြိုင်ပွဲလက်ခံကျင်းပနေသည့် ကင်မရွန်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ဆေးစစ်ဆေးမှုခံယူရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသည့်အတွက် အုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့ရခြင်းဖြစ်သည်။
ဒုတိယပွဲမတိုင်မီ ဆေးစစ်မှုထပ်မံခံယူခဲ့ရာတွင် Negative အဖြေထွက်ခဲ့သော်လည်း နှလုံးအခြေအနေမှာ ပုံမှန်မဟုတ်သည့်အတွက် ပါဝင်ကစားခွင့်မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် နှလုံးရောဂါသံသယဖြစ်ဖွယ် အခြေအနေရှိလာသည့်အတွက် ဂါဘွန်ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းထံ ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အူဘာမီယန်းနှင့်အတူ နိုက်စ်အသင်း၏ ကွင်းလယ်ကစားသမား လယ်မီနာလည်း ကလပ်အသင်းထံ ပြန်လည်စေလွှတ်ခံရခြင်းဖြစ်ပြီး ဂါဘွန်နည်းပြက မိမိတို့အနေဖြင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဆေးအဖွဲ့နှင့် ကစားသမားများ၏ သဘောတူညီမှုနှင့်အတူ အကောင်းဆုံးဖြစ်မည့်နည်းလမ်းကို ရွေးချယ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။