မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ငွေကြေးအမြောက်အမြားသုံးစွဲသွားရန် ဆန္ဒရှိနေကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ဂွါဒီယိုလာသည် လက်ရှိတွင် စပိန်နိုင်ငံသို့ အားလပ်ရက်အပန်းဖြေခရီးမှ ပြန်လည်ရောက်ရှိနေပြီး စပိန်ရုပ်သံ TV3 နှင့်တွေ့ဆုံမှုတွင် ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာသည် ယခုနွေရာသီတွင် ကစားသမားသစ်သုံးဦး ခေါ်ယူအားဖြည့်ရန် ဆန္ဒရှိနေကြောင်းသိရသည်။ မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် တိုက်စစ်မှူး အဂွဲရိုးကို ဆုံးရှုံးထားသည့်အတွက် တိုက်စစ်မှူးအသစ်တစ်ဦး ပြန်လည်အားဖြည့်ရန် အဓိကပစ်မှတ်ထားနေသည့်အပြင် ဗဟိုနောက်ခံလူတစ်ဦးနှင့် ဘယ်နောက်ခံလူတစ်ဦးတို့ကို ထပ်မံခေါ်ယူသွားရန်လည်း လိုလားနေသည်။
ဗြိတိန်မီဒီယာများကမူ မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် ငွေကြေးသုံးစွဲမှုများစွာ ပြု လုပ်သွားရန် သေချာနေပြီး အသင်းမှ ကစားသမားအချို့ ထွက်ခွာဖွယ်ရှိသည်ဟုလည်း သုံးသပ်နေကြသည်။ မန်စီးတီးအသင်းသည် ဟာရီကိန်းနှင့် ဂရီးလစ်ရှ်တို့ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။