ပြီးခဲ့တဲ့ အင်္ဂါနေ့ည က လူမျိုးရေး ခွဲခြားမှု ဖြစ်စဉ် ကြုံတွေ့ခဲ့ရလို့ ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ပီအက်စ်ဂျီ – အစ္စတန်ဘူူလ် ချန်ပီယံလိဂ် အုပ်စု H နောက်ဆုံး လက်ကျန် ပွဲစဉ် ကို မနေ့ည က ပြန်လည် ကစားစေခဲ့ရာ ၊ အိမ်ရှင် ပီအက်စ်ဂျီ တို့ ၅ – ၁ နဲ့ ဂိုးပြတ် အနိုင်ရပြီး အုပ်စုဗိုလ် နဲ့ ၁၆ သင်း အဆင့် ကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ် ။
ဒီပွဲမှာ ပီအက်စ်ဂျီ အသင်း ဟာ နေမာ ရဲ့ ဟက်ထရစ် ၊ အမ်ဘတ်ပေ ရဲ့ သွင်းဂိုး ၂ဂိုး တို့နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ပထမပိုင်း ၂၁ မိနစ် နဲ့ ၃၈ မိနစ် တွေမှာ နေမာ ဟာ ဦးဆောင်ဂိုး ၂ဂိုး ကို အရင် စသွင်းခဲ့တာ ဖြစ်ပြီး နောက် ၄မိနစ် အကြာမှာ ပင်နယ်တီ အခွင့်အရေး ရရှိခဲ့လို့ ၊ ပထမပိုင်း အတွင်း ဟက်ထရစ် သွင်းနိုင်မယ့် အနေအထား ကို ပိုင်ဆိုင်ခဲ့ပေမယ့် ၊ အမ်ဘတ်ပေ ကို ပေးကန်ခဲ့ပါတယ် ။
အမ်ဘတ်ပေ ကလည်း ဒီ ပင်နယ်တီ ကို အမှားအယွင်း မရှိ အဆုံးသတ်ကာ ၊ ဒီရာသီ ချန်ပီယံလိဂ် ဂိုးပေါက် မတွေ့ထားခြင်း ကို အဆုံးသတ်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း ပြန်အစ ၅မိနစ် အကြာမှာပဲ နေမာ ဟာ ဒီမာရီယာ ရဲ့ ဖန်တီးမှု မှ တဆင့် ကိုယ်တိုင် ဟက်ထရစ် ဂိုးကို ရယူသွားခဲ့ပါတယ် ။
၅၇ မိနစ် မှာ အစ္စတန်ဘူလ် နောက်ခံလူ တိုပယ်လ် က အရှက်ပြေ ချေပဂိုး သွင်းခဲ့ပြီး ၊ ၆၂ မိနစ် အရောက်မှာ အမ်ဘတ်ပေ ကပဲ ပီအက်စ်ဂျီ အတွက် အပိတ်ဂိုးကို သွင်းပေးခဲ့ပါတယ် ။ ပီအက်စ်ဂျီ နည်းပြ သောမတ်စ် တူချယ် ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဂိုး မရသေးတဲ့ အမ်ဘတ်ပေ အတွက် ပင်နယ်တီ ပေးကန်ခဲ့တဲ့ နေမာ ရဲ့ စိတ်ဓာတ် အပေါ် အခုလိုပဲ ချီးကျူး ပြောဆိုခဲ့ပါတယ် ။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ တူချယ် က ” ဒါဟာ သဘောထား ကြီးမားတဲ့ လုပ်ရပ် တခု ဖြစ်ပါတယ် ။ နေမာ ဟာ ဒီ ပင်နယ်တီ အခွင့်အရေး ကနေ ဟက်ထရစ် ရနိုင်ခြေ ရှိခဲ့ပေမယ့် ၊ ကိုင်လီယန် ( အမ်ဘတ်ပေ ) ကို ပေးကန်ခဲ့ပါတယ် ။ တပွဲတည်းမှာ နေမာ အတွက် ၃ဂိုး သွင်းဖို့ ဆိုတာ ပုံမှန် မဟုတ်တဲ့ ကိစ္စ တခု ဖြစ်ပါတယ် ။ “
” အဆုံးမှာတော့ သူဟာ အမ်ဘတ်ပေ ကို ချန်ပီယံလိဂ် ဂိုးပေါက် ပျောက်ဆုံးနေတဲ့ အရိပ်ဆိုး ကို ချေဖျက်ဖို့ အခွင့်အရေး ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ နေမာ ရဲ့ စိတ်ထား ဟာ အလွန်ပဲ ကြီးကျယ်ပါတယ် ။ သူဟာ အသင်းဖော်တွေ အတွက် အမြဲ စဉ်းစားပေးပါတယ် ။ ဂိုးပေါက် ရှာတွေ့ဖို့ ဆိုတာ တိုက်စစ် ကစားသမားတွေ အတွက် ဘယ်လောက် အရေးကြီးလဲ ဆိုတာ သူ ကောင်းကောင်း နားလည်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ဒီ ပီအက်စ်ဂျီ – အစ္စတန်ဘူလ် ပွဲဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည က ၁၄ မိနစ် အထိ ကစားခဲ့ပြီးနောက် ၊ စတုတ္ထဒိုင် မှ အစ္စတန်ဘူလ် အသင်း ရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ ပီယာ ဝီဘို ကို အသားအရောင် ခွဲခြားတဲ့ စကားလုံး ဖြစ်တဲ့ ‘ ငမဲကောင် ‘ ဆိုတာကို ထည့်သုံး သွားခဲ့ပါတယ် ။
ဒီ ဖြစ်ရပ်ကြောင့် အစ္စတန်ဘူလ် အသင်းသား တွေဟာ ကွင်းထဲက ထွက်ခွာခဲ့လို့ ၊ ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ် ။ ဒါကို ပီအက်စ်ဂျီ အသင်းသား တွေကလည်း တက်ညီလက်ညီ လှုပ်ရှားခဲ့ကြပါတယ် ။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး တူချယ် က သူ့ အသင်းသားတွေကို အခုလိုပဲ ချီးကျူး ပြောဆိုခဲ့ပါတယ် ။
တူချယ် က ” သူတို့ဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ကို ချခဲ့ပါတယ် ။ ဒီ ကိစ္စရပ် မှာ ပြိုင်ဖက် အသင်းသား တွေနဲ့ တသားတည်း ဖြစ်ကြောင်း ကို ပြသခဲ့ပါတယ် ။ သူတို့မှာ သတ္တိ အပြည့် ရှိကြပါတယ် ။ အဝတ်လဲခန်း ထဲမှာ ဒီတုန့်ပြန်မှု ကို ပြသဖို့ အလိုရှိတယ် ဆိုတာ ရှင်းလင်းနေပါတယ် ။ “
” သူတို့တွေဟာ အရွယ်ရောက်ပြီးသူတွေပါ ။ ကိုယ် ဘာလုပ်နေလဲ ဆိုတာကို ကောင်းကောင်း သိကြပါတယ် ။ ကျွန်တော် ဟာ ဒီ အခြေအနေ တခုလုံး ရဲ့ အကြောင်း ကို ပြည့်ပြည့်စုံစုံ မသိခဲ့ရပါဘူး ။ ကွင်းထဲမှာ ဒီ စကားလုံးတွေ အကြောင်း ကျွန်တော် မကြားခဲ့ရပါဘူး ။ “
” ဒါပေမယ့် အဝတ်လဲခန်း ထဲမှာတော့ ကျွန်တော် တို့ဟာ ဒီ အခြေအနေ နဲ့ ပတ်သက်ပြီး အကုန်လုံး ပြတ်ပြတ်သားသား ရှိကြပါတယ် ။ အသားအရောင် ခွဲခြားမှု ကိစ္စ မှာ ကျွန်တော် တို့ဟာ အားလုံး နဲ့ တသားတည်း ရှိတာကို ပြသဖို့ လိုကိုလိုခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။