မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် နောက်တန်းကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ကို ၂ ယောက်ပေါင်းဈေးနှုန်း ပေါင်သန်း ၆၀ ခန့်နဲ့ ခေါ်ယူခဲ့ပြီး ယခုအခါမှာတော့ အသင်းနဲ့ စာချုပ်စတင် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီလစ်ကို ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ မာဇရာဝီကို ၄ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကာ စာချုပ်ပါသဘောတူညီချက်တွေအရ ကစားသမား ၂ ဦးစလုံးဟာ နောက်ထပ်တစ်နှစ်စီထပ်တိုးခွင့်ရှိနေပါတယ်။ မန်နေဂျာအဲရစ်တန်ဟက်ဟာ မာဇရာဝီကို ဒဏ်ရာရရှိနေတဲ့ ဘယ်နောက်ခံလူ လုခ်ရှောရဲ့နေရာမှာ ချက်ချင်းအစားထိုးဖို့ပြင်ဆင်နေပြီး လာမယ့်ဖူလ်ဟမ်နဲ့ပွဲမှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒီလစ်အတွက် ယူနိုက်တက်ဟာ ပေါင် ၃၈.၅ သန်း+အပိုဆုကြေးပေါင် ၄.၃ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး နယ်သာလန်သားဟာ အေဂျက်စ်မှာကစားစဉ်က တန်ဟက်လက်အောက်မှာ အသင်းခေါင်းဆောင်အနေနဲ့ ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ မာဇရာဝီကလည်း တန်ဟက်ရဲ့လက်အောက်မှာ ကစားခဲ့ဖူးပြီး အေဂျက်စ်ကစားသမားဟာင်း ၂ ယောက်အနေနဲ့ ယခုအခါမှာတော့ နည်းပြဟောင်းကို အသင်းသစ်မှာ အတတ်နိုင်ဆုံးကူညီပေးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ် ချုပ်ဆိုပြီးနောက် ဒီလစ်က “အဲရစ်တန်ဟက်က ကျွန်တော့်ရဲ့ ကစားသမားဘဝအစပိုင်းကို ပုံဖော်ပေးခဲ့သူပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို ဘယ်လိုညှစ်ထုတ်ရမလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ သူနဲ့အတူ အလုပ်ပြန်လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။ အမြင့်ဆုံးဘောလုံးအဆင့်မှာ အောင်မြင်မှုရဖို့ ဘာတွေပေးဆပ်ရမလဲ ကျွန်တော်သိပါတယ်။ ဒီကလပ်မှာ စံချိန်တွေထားရှိနိုင်ခဲ့ဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာဇရာဝီကလည်းက “ကျွန်တော့်ရဲ့ အထွန်းတောက်ဆုံး ကစားသမားဘဝကို ရောက်နေချိန်မှာ အဲရစ်တန်ဟက်နဲ့ ပြန်လည် လက်တွဲနိုင်ခဲ့လို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကစားသမားတွေဆီကနေ သူဘာတွေလိုချင်သလဲဆိုတာ ကျွန်တော်သိပါတယ်။ အောင်မြင်မှုရဖို့ အသင်းအတွက် တတ်နိုင်သလောက် ပေးဆပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
မော်ရိုကိုလက်ရွေးစင်ကစားသမားအတွက်တော့ ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၂.၈ သန်း+ အပိုဆုကြေးပေါင် ၄.၃ သန်း ပေးချေခဲ့ရတာဖြစ်ပါတယ်။ ဒီလစ်နဲ့ မာဇရာဝီတို့ကို မခေါ်ယူခင်က တန်ဟက်ဟာ အဲဗာတန်နောက်ခံကြယ်ပွင့် ဂျာရန်ဘရန့်ဝိတ်ကိုခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
သို့သော် အဲဗာတန်က ကစားသမားအတွက် ပေါင်သန်း ၇၀ အထိ တောင်းဆိုခဲ့ပြီး ယူနိုက်တက်က ပေးချေဖို့ဆန္ဒမရှိခဲ့တာကြောင့် သဘောတူညီမှုမရရှိခဲ့ပါဘူး။