ပါးမားအသင်း၏ အီတလီဝါရင့်ဂိုးသမား ဘူဖွန်က ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားအား အသင်းတွင် ဆက်နေရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားသည် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ အဆင်မပြေသေးဘဲ ၎င်းကို ခေါ်ယူရန် လီဗာပူးလ်၊ PSG တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများက စောင့်ကြည့်နေကြကြောင်း သိရသည်။
သို့သော် ဘူဖွန်က ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ဆက်နေသင့်ပြီး ဒီဘားလားနှင့် ဗလာဟိုဗစ်တို့ တိုက်စစ်တွဲကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
ဘူဖွန်က “ဒီဘားလားအနေနဲ့ လစာငွေလျှော့ယူရမယ်ဆိုရင်တောင် ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်နေသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီဘားလားရဲ့ စွမ်းဆောင်မှုတွေကို ဂျူဗင်တပ်စ်အသင်းအနေနဲ့ အသိအမှတ်ပြုဖို့တော့ လိုပါတယ်။ တကယ်လို့ ကျွန်တော်သာ ဂျူဗင်တပ်စ်မှာ ရှိနေမယ်ဆိုရင် ဒီဘားလားနဲ့ ဗလာဟိုဗစ်တို့ရဲ့ တိုက်စစ်အတွဲကြောင့် စိတ်လှုပ်ရှားမိမှာပါ”ဟု ပြောကြားခဲ့သည်။