မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဒီဘရိုင်းနားအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် ၂၀၂၃ ခုနှစ် ဇွန်လ (၃၀)ရက်တွင်မှ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မန်စီးတီးအသင်းအနေဖြင့် ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
ဒီဘရိုင်းနားအနေဖြင့် မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို သဘောကျခြင်းမရှိသည့်အတွက် ငြင်းဆန်ထားကြောင်း ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့သည်။
သို့သော် ဂွါဒီယိုလာက ဒီဘရိုင်းနားအနေဖြင့် မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဟု မိမိ ယုံကြည်ကြောင်းနှင့် အားလုံးအဆင်ပြေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက “ဒီဘရိုင်းနားအနေနဲ့ မန်စီးတီးအသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းစဉ်တွေကို လေးစားမှုထားရမှာပါ။ ဘီဂရီစတိန်း(မန်စီးတီးအားကစားဒါရိုက်တာ)နဲ့ ကျွန်တော် စကားမပြောဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီဘရိုင်းနားကို ကျွန်တော်တို့ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သူ သိပါတယ်။ ဒီဘရိုင်းနားက အသင်းအတွက် အလွန်အရေးပါသူပါ။ အားလုံးက ဒီဘရိုင်းနားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပြီး အကောင်းဆုံးဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် မန်စီးတီးအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၃)ဂိုး သွင်းယူထားသည်။