ဘာစီလိုနာအသင်း၏ ဒဏ်ရာရကစားသမားနှစ်ဦးဖြစ်သော ပတ်ဒရီနှင့် အာရူဟိုတို့သည် ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကစားသမားနှစ်ဦးသည် ကြွက်သားဒဏ်ရာများ ရရှိနေကြခြင်းဖြစ်ပြီး ရီးယဲလ်နှင့်ပွဲကိုပါ လွဲချော်မည်ဟုသိရသည်။
ဘာစီလိုနာအသင်းသည် ဗလင်စီယာနှင့်ပွဲတွင် နိုင်ပွဲပြန်ရခဲ့သော်လည်း ပွဲကျပ်ကာလအတွင်း ကစားသမားမစုံလင်ခြင်းမှာ အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်နေသည်။
ကွင်းလယ်ကစားသမား ပတ်ဒရီမှာ ဒဏ်ရာပြဿနာသာမက ပြီးခဲ့သည့်ရာသီက ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကစားခဲ့ ရခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် သတိထားအသုံးပြုနေရခြင်းဖြစ်ကြောင်းလည်း သိရသည်။
တောင်ပံကစားသမား ဒမ်ဘီလီမှာလည်း ကြံ့ခိုင်မှုမပြည့်ဝသေးသောကြောင့် အဆိုပါပွဲများတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။