ဘာစီလိုနာအသင်းစတားဟောင်း အင်နီယေစတာတစ်ယောက် ဒိန်းမတ်တတိယတန်းကလပ် ဟယ်ဆင်ဂေါရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတယ်လို့ အသင်းဘက်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ဘောလုံးသမားဘဝကနေအနားယူပြီးနောက် စပိန်သားရဲ့ကွင်းပြင်ပ ပထမဆုံးစတင်လုပ်ဆောင်မှုလည်းဖြစ်လာခဲ့ပါတယ်။
အသက် ၄၀ အရွယ်ကစားသမားဟောင်းဟာ ယူအေအီးမှာ နည်းပြလုပ်နေပြီး တစ်နေ့မှာ နည်းပြလောကထဲဝင်ရောက်ဖို့ အလိုရှိနေတာဖြစ်ပါတယ်။ အင်နီယေစတာက လက်ရှိမှာ ဒိန်းမတ်တတိယတန်းကလပ် ဟယ်ဆင်ဂေါအသင်းထံမှာ ရင်းနှီးမြုပ်နှံခဲ့တာဖြစ်ပါတယ်။
“အဲ့တာက ဘောလုံးလောကအကြောင်းသိရဖို့အတွက် တကယ်ကောင်းတဲ့အခွင့်အရေးတစ်ခုပါ။ ဒီအသင်းက စိတ်လှုပ်ရှားစရာအသင်းတစ်သင်းဖြစ်သလို ကောင်းမွန်တဲ့အစိတ်အပိုင်းတွေလည်းရှိနေပါတယ်။ ပြီးတော့ ဒီအသင်းရဲ့အတွင်းအပြင်မှာလည်း တကယ်ကောင်းတဲ့လူတွေရှိနေပါတယ်။ ဒီမြို့ကလည်း ဒိန်းမတ်ဘောလုံးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်”လို့ အင်နီယေစတာက ပြောကြားခဲ့ပါတယ်။
ဟယ်ဆင်ဂေါအသင်းဟာ လိဂ်အတွင်း ၁၂ သင်းရှိရာမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိမှာအသင်းကို စပိန်နည်းပြ ပက်အယ်လိုမာက ကိုင်တွယ်နေပြီး အားကစားဒါရိုက်တာအဖြစ် ယခင်ဘာစီလိုနာလူငယ်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ရာမွန်က ကိုင်တွယ်နေပါတယ်။
အင်နီယေစတာတစ်ယောက် ကြာသပတေးနေ့တုန်းက အသင်းနဲ့မိတ်ဆက်ခဲ့သလို အခုအပတ်မှာကန်မယ့် Ishoj နဲ့ပွဲမှာ တက်ရောက်ဖွယ်ရှိနေပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ အင်နီယေစတာဟာ ဆုဖလားတော်တော်များများရယူထားနိုင်ခဲ့ပြီး အဲ့ထဲမှာ လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတွေအပြင် ၂၀၁၀ ကမ္ဘာ့ဖလားလည်း ပါဝင်နေပါတယ်။
ဘာစီလိုနာ နဲ့ စပိန်အသင်းအတွက်အပြင် ဂျပန်ကလပ် ကိုဘေးအသင်း နဲ့ အမ်းမရိတ်အသင်းတွေမှာကစားခဲ့ပါတယ်။