လီဗာပူးလ်လက်ထောက်နည်းပြ ပတ်လင်ဒါက အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်၏အရည်အချင်းကို သွင်းဂိုးတစ်ခုတည်းဖြင့် မဆုံးဖြတ်သင့်ကြောင်းနှင့် ဒါဝင်နူးနက်ဇ်သည် ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ယခုရာသီပြိုင်ပွဲစုံ (၂၄) ပွဲတွင် (၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားသည်။
သို့သော် ဒါဝင်နူးနက်ဇ်သည် (၁၁) ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေသလို၊ အပိုင်အခွင့်အရေးများကို ဖြုန်းတီးပစ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ယင်းအတွက် ပတ်လင်ဒါက ဒါဝင်နူးနက်ဇ်၏ အရည်အချင်းကို သွင်းဂိုးတစ်ခုတည်းဖြင့် ဆုံးဖြတ်မည်ဆိုပါက တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပတ်လင်ဒါက ”ဒါဝင်က စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားလေ့ရှိပြီး ဒါကို ပွဲတိုင်းမှာ မြင်တွေ့ရမှာပါ။ သူ့ကို သွင်းဂိုးတစ်ခုတည်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်ဆိုရင် တရားမျှတမှု မရှိပါဘူး။ ပြီးတော့ ဒါဝင်နဲ့ ဆာလာတို့အကြားမှာ ဆက်သွယ်မှုက အရမ်းကောင်းပါတယ်။ သူတို့တစ်ဦးအပေါ်တစ်ဦး ဖန်တီးမှုလုပ်ပေးတာကို မြင်ရမှာပါ။ ဒါဝင်ဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုတိုးတက်လာတယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။