လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒါဝင်နူနက်ဇ်အား စိတ်ရှည်ပေးကြရန် အသင်းပရိသတ်များကို တောင်းဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် ဘင်ဖီကာအသင်းမှ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကနဦး ပေါင် (၆၄) သန်း၊ Add-ons ကြေးကို ပေါင်းထည့်ပါက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၅) သန်းဖြင့်ခေါ်ယူကာ (၆) နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
ယာဂန်ကလော့ပ်က အသက် (၂၂)နှစ်သာရှိသေးည် ဒါဝင်နူနက်ဇ်မှာ တိုးတက်လာမည့်ကစားသမားဖြစ်ပြီး ပရိသတ်များကို စိတ်ရှည်ပေးကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က “ကျွန်တော်တို့အနေနဲ့ ဒါဝင်နူနက်ဇ်နဲ့အတူ အလုပ်တွဲလုပ်ပြီး တိုးတက်အောင် လုပ်ပေးရမှာပါ။ ကျွန်တော်ကတော့ ဒါဝင်နူနက်ဇ်ရဲ့ ပွဲအပေါ်အာရုံစိုက်မှုနဲ့ လူသားပီသမှုကို သဘောကျပါတယ်။ ကျွန်တော်တို့မှာ အံ့ဖွယ်ကောင်းတဲ့ တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားပြီး ဒါဝင်နူနက်ဇ်ဟာ အဲဒီအစုအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီတော့ သူ့အတွက်လည်း ဖိအားမရှိပါဘူး။ အသင်းနဲ့သူ စာချုပ်ထားတာက နှစ်ရှည်စာချုပ်ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ပါရမီကို အသုံးချနိုင်ဖို့နဲ့ ကစားသမားတစ်ယောက်အနေနဲ့ သူ ပိုပြီးတိုးတက်လာအောင် လုပ်ပေးဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။