ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီဆီးယက်စ်တစ်ယောက် တံကောက်ကြောဒဏ်ရာရရှိနေပြီး လာမယ့်လီဗာပူးနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်မယ်လို့ အသင်းဘက်က အတည်ပြုလိုက်ပါတယ်။
“စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ကျွန်တော်တို့ကစားသမား ဗင်နီဆီးယက်စ်မှာ တံကောက်ကြောဒဏ်ရာရရှိနေပါတယ်”လို့ ရီးရဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
စပိန်မီဒီယာကလာတဲ့သတင်းတွေအရ ဘရာဇီးသားဟာ ၁ လလောက်နီးပါးနားရနိုင်တယ်လို့ ဖော်ပြနေကြပြီး လီဗာပူးနဲ့ပွဲအပြင် လာမယ့်ဒီဇင်ဘာ ၁၀ ရက်နေ့မှာကန်မယ့် အတ္တလန္တာနဲ့ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်နိုင်တယ်လို့ သိရပါတယ်။
ဗင်နီဆီးယက်စ်ဟာ လီဂါနက်စ်ကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပြီး ဘာပေရဲ့အဖွင့်ဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။
“တကယ့်ကိုရူးချင်စရာပြက္ခဒိန်ရေးဆွဲမှုပါပဲ။ အခုတော့ ပြန်လည်သက်သာအောင်လုပ်ရပါတော့မယ်”လို့ ဘရာဇီးသားက တွစ်တာမှာတင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်ကလည်း ယူအီးအက်ဖ်အေ နဲ့ ဖီဖာတို့ရဲ့ပွဲအစီအစဉ်ချဲ့ထွင်မှုကို ဝေဖန်ခဲ့ပါတယ်။ အခုရာသီသစ်မှာ ချန်ပီယံလိဂ်က ယခင် ၆ ပွဲအစား ၈ ပွဲအထိ ကန်ရမှာဖြစ်ပြီး ထိပ်ဆုံး ၈ သင်းနဲ့လွဲချော်တဲ့အသင်းတွေဆိုရင် ၁ ပွဲအပိုထပ်ကန်ရမှာဖြစ်ပါတယ်။
ရီးရဲလ်အသင်းမှာ ကာလရှည်ဒဏ်ရာရနေတဲ့ကစားသမားတွေများပြားနေပြီး ကာဗာဂျယ် နဲ့ မီလီတာအိုတို့ကို လက်လွှတ်ထားရပါတယ်။
“ဒီရာသီမှာ ကျွန်တော်တို့ ၈၂ ပွဲကန်ရပါမယ်။ ယူအီးအက်ဖ်အေ နဲ့ ဖီဖာက ပွဲအရေအတွက်တိုးလိုက်ပါတယ်။ ၂၂ ပွဲကနေ ၃၆ ပွဲလောက်အထိရှိနေပါတယ်။ ဒီရာသီ ကျွန်တော်တို့ အရွတ်ကြောဒဏ်ရာ ၉ ကြိမ်အထိ ရှိနေပါပြီ။
ပြီးခဲ့တဲ့ရာသီတုန်းကလည်း အတူတူပါပဲ။ အထူးကုတွေလည်း အခုအနေအထားကြောင့် မောပန်းနေပါပြီ”လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။ ဗင်နီဆီးယက်စ်ကတော့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ဒီရာသီ ချန်ပီယံလိဂ် ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားနိုင်သလို လာလီဂါ ၁၃ ပွဲမှာလည်း ၈ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းဟာ အခုရာသီမှာရုန်းကန်နေရပြီး အဖွင့်ပွဲ ၄ ပွဲမှာ ၂ ပွဲအထိ အရေးနိမ့်ထားပါတယ်။ အခုလာမယ့်ကြားရက်မှာလည်း လီဗာပူးနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပြီး အနိုင်ကန်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။