ကိုလံဘီယာ – ဥရုဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၃:၀၀ နာရီ)
နောက်ဆုံးတွေ့ဆုံမှုတွေမှာ ဥရုဂွေးအသင်းက သိသိသာသာ အသာစီးရထားပေမဲ့ လတ်တလောအနေအထားမှာ ကိုလံဘီယာက ခြေစွမ်းပိုသာပါတယ်။ ကိုလံဘီယာက နည်းပြ ကားလို့စ်ကွီရော့ဇ်ရဲ့ ၄-၃-၃ ကစားကွက်မှာ အတော်လေးတည်ငြိမ်လာတယ်။ မူရီယဲလ်၊ ဇာပါတာ၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ရဲ့တိုက်စစ်စုဖွဲ့မှုက ဘရာဇီးလ်၊ အာဂျင်တီးနားတို့ကိုတောင် ကောင်းကောင်းယှဉ်နိုင်တဲ့အနေအထားရှိတယ်။ ဥရုဂွေးကတော့ နာမည်ကြီးတွေရှိပေမဲ့ အသင်းက တဖြည်းဖြည်းကျဆင်းလာနေတယ်။ ကိုလံဘီယာပဲ နိုင်ဖို့များတယ်။
ချီလီ – ပီရူး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၅:၃၀ နာရီ)
ဒီနှစ်သင်းစလုံးက အိမ်ကွင်းအားသာချက်ကို အားပြုကစားလေ့ရှိတဲ့အသင်းဖြစ်ပြီး အဖွင့်(၂)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့အသင်းတွေဖြစ်လို့ နိုင်ပွဲစယူနိုင်ဖို့ ကြိုးစားကြမှာ သေချာပါတယ်။ ချီလီတိုက်စစ်က ပီရူးထက် လုပ်ရည်ကိုင်ရည်ပိုကောင်းလို့ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။
ဘရာဇီးလ် – ဗင်နီဇွဲလား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၇:၀၀ နာရီ)
ဗင်နီဇွဲလားအသင်းမှာ ရွန်ဒွန်၊ ရင်ကွန်၊ ရိုဆဲလက်စ်၊ ဟာရဲရား၊ ချန်ဆယ်လာတို့လို ပြည်ပရောက်အမာခံကစားသမား အများစုရှိနေပေမဲ့ အသင်းက အရင်ကလောက် ဖျက်မြင်းလုပ်နိုင်စွမ်း မရှိတော့ဘူး။ ဘရာဇီးလ်တိုက်စစ်မှာ ဖေမီနိုက ကလပ်အသင်းမှာ ရုန်းကန်နေရချိန် ဂျေးဇူး ဒဏ်ရာကပြန်လည်သက်သာလာတာကတော့ နည်းပြ ထိထီအတွက် သတင်းကောင်းပါပဲ။ ကော်တင်ဟို၊ ကက်စီမီရို၊ ဖာဘင်ညိုတို့ မပါဝင်နိုင်တဲ့ ဘရာဇီးလ်ကွင်းလယ်ကတော့ အတော်လေးအားလျော့နေတယ်။ ဒါပေမဲ့ ဘရာဇီးလ်မြေမှာ ကစားမှာဖြစ်လို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်တယ်။