တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဘရာဇီးလ်ဘောလုံးအသင်းလူစာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ တိုက်စစ်မှူး နေမာ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ဘရာဇီးလ်ဘောလုံးအသင်းသည် အိုလံပစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး အုပ်စုအဆင့်၌ ဂျာမနီ၊ အိုင်ဗရီကို့စ်၊ ဆော်ဒီအာရေဗျတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဘရာဇီးလ်အိုလံပစ်အသင်း၏နည်းပြ အန်ဒရီယာဒင်းသည် ကစားသမား(၁၈)ဦးစာရင်း ရွေးချယ်ထုတ်ပြန်ခဲ့ရာ နေမာအပါအဝင် နာမည်ကျော်ကစားသမားများကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အသက်(၃၈)နှစ်ရှိပြီဖြစ်သည့် ဘာစီလိုနာကစားသမားဟောင်း နောက်ခံလူ အဲလ်ဗတ်စ် ပါဝင်ခဲ့ကြောင်း သိရသည်။
ဘရာဇီးလ်မီဒီယာများ၏ဖော်ပြမှုအရ နေမာသည် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ပေးရမည်လားဟု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ထံ မေးမြန်းခဲ့ပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ကိုပါအမေရိကပြိုင်ပွဲ၌ အောင်မြင်မှုရရန် လုပ်ဆောင်ရန်သာ တိုက်တွန်းခဲ့ကြောင်း သိရသည်။
တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်(၂၂) ရက်မှ သြဂုတ်(၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲမှာ ဇူလိုင်(၁၀)ရက်မှ ပြီးဆုံးမည်ဖြစ်သည်။
ထို့ကြောင့် နေမာကို ပြိုင်ပွဲတစ်ခုတည်းအတွက် အာရုံစိုက်နိုင်ရန် ယခုကဲ့သို့ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။