မန်စီးတီးအသင်းသည် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ ခေါ်ယူရန် အပြိုင်လိုက်နေသော ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ကျော် အလိုရှိနေကြောင်း သိရသည်။
ဂျေးဇူးသည် မန်စီးတီးအသင်းသို့ နော်ဝေတိုက်စစ်မှူး ဟော်လန်းနှင့် အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့ ရောက်ရှိလာတော့မည်ဖြစ်၍ အသင်းပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းကို လန်ဒန်မြို့ခံနှစ်သင်းအပြင် လာလီဂါအသင်းများကလည်း စိတ်ဝင်စားနေသည်။
သို့သော် လန်ဒန်နှစ်သင်းအနက် တစ်သင်းသင်းထံ ရောက်ရှိရန် အလားအလာများနေသည်ဟု ထင်ကြေးပေးခံနေရသည်။ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခြင်းမရှိသော်လည်း ဦးဆောင်ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မည့်အချက်နှင့် ဆွဲဆောင်နိုင်စွမ်းရှိနေခြင်းဖြစ်သလို၊ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ကာ ဆက်တိုက်ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သည့် သတင်းများအရ အာဆင်နယ်အသင်းနှင့် ဂျေးဇူးတို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့သော်လည်း ပြောင်းရွှေ့ကြေးအတွက်မူ ပေါင် (၁၀)သန်းဝန်းကျင် ကွာဟနေသည်ဟု သိရသည်။
အာဆင်နယ်အသင်းက ပေါင်သန်း(၄၀)ဝန်းကျင်သာ အသုံးပြုလိုပြီး မန်စီးတီးအသင်းက ပေါင်သန်း(၅၀)ကျော် ရရှိလိုသောကြာင့် ဆက်လက်ဆွေးနွေးနေရဆဲဟု သိရသည်။