မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ရန် တောင်းဆိုနေကြသည့် အသင်းပရိသတ်များ၏လုပ်ရပ်သည် ရယ်ရွှင်ဖွယ်ရာကောင်းကြောင်း အသင်းဖော်ဟောင်းဖြစ်သည့် ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်က ပြောကြားခဲ့သည်။
ထို့ပြင် ပီတာရှမိုက်ကယ်က အသင်းပရိသတ်များအနေဖြင့် နောက်ထပ် ဗန်ဟားလ်၊ မော်ရင်ဟိုတို့ကဲ့သို့ ဖြစ်ရပ်မျိုး လိုချင်သလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။
မန်ယူပရိသတ်များက ဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများနှင့်ပတ်သက်ပြီး ရှမိုက်ကယ်က ”ဒါက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။ သူတို့ နောက်ထပ် ဗန်ဟားလ်၊ နောက်ထပ် မော်ရင်ဟိုလို ဖြစ်ရပ်မျိုး လိုချင်နေတာလား။ သူတို့ ဘာလိုချင်တာလဲ။ နာမည်ကြီးမန်နေဂျာတွေကို အသင်းထံခေါ်ဆောင်ပြီး ကြိုးစားခဲ့ကြပြီးပြီ။ သူတို့ဟာ အိုလေ(ဆိုးလ်ရှား)လို ကလပ်အသင်းရဲ့ DNA၊ လူငယ်ဖွံ့ဖြိုးတိုးတက်မှုတွေကို အနုစိတ်ဂရုစိုက်တာမျိုး၊ အာရုံစိုက်တာမျိုး မရှိခဲ့ပါဘူး။
သူမတိုင်မီကာလက အသင်းကို ကစားသမားအများအပြား ရောက်လာပြီး နည်းပြအများအပြားလည်း ထွက်သွားရတယ်။ ဒါကြောင့် အရာအားလုံးက ပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အချိန်ယူရမယ်ဆိုတာကို လူတွေနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒုတိယရခဲ့တာကို သတိရပါ။ ကျွန်တော်တို့ ဒါကို ထပ်လုပ်နိုင်ခဲ့ရင် အရမ်းကောင်းနေတုန်းပဲ”ဟု ပြောကြားခဲ့သည်။
အဲဗာတန်နှင့်ပွဲတွင် ဆိုးလ်ရှားသည် စီရော်နယ်လ်ဒို၊ ပေါ့ဘာ၊ ဆန်ချိုအစရှိသည့် ကစားသမားများကို ပွဲထွက်မကစားစေဘဲ အရန်ကစားသမားများအဖြစ်သာ အသုံးပြုခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ လူစားဝင်ကစားစေခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်
ရင်ဆိုင်ခဲ့ရသည်။
ယင်းသို့ဝေဖန်မှုများတွင် အသင်းဂန္ထဝင်နည်းပြ ဖာဂူဆန်လည်း ပါဝင်လာခြင်းဖြစ်သည်။
ဆိုးလ်ရှားကမူ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲကတည်းက သူ၏ပွဲထွက်အခင်းအကျင်းကို ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။