လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဆီနီဂေါတိုက်စစ်ကစားသမား မာနေးသည် အသင်းဖော် ဆာလာအား လေးစားမှုပြသသည့်အနေဖြင့် ၎င်းအတွက် ဂုဏ်ပြု အောင်ပွဲခံမည့် အစီအစဉ်ကို ဖျက်သိမ်းပေးရန် လီဗာပူးလ်အသင်းထံ တောင်းဆိုခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
မာနေး၏ ဆီနီဂေါအသင်းသည် ဆာလာ၏ အီဂျစ်အသင်းကို အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ၌ အနိုင်ယူခဲ့သလို၊ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း အနိုင်ယူကျော်ဖြတ်ခဲ့သည်။
အဆိုပါပွဲစဉ်များအပြီး လီဗာပူးလ်အသင်းထံ ပြန်လာရာတွင် အသင်းဖော်များက အစဉ်အလာအတိုင်း ဂုဏ်ပြုအောင်ပွဲခံမှု ပြုလုပ်ပေးရန် စီစဉ်ခဲ့သော်လည်း မာနေးက ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mirror ၏ အားကစားသတင်းထောက် ဒေးဗစ်မတ်ဒေါ့က ”အာဖရိကနိုင်ငံများဖလားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အီဂျစ်ကို ဆီနီဂေါအသင်း အနိုင်ယူခဲ့အပြီး အန်ဖီးလ်ကို ပြန်လာချိန်မှာ ဂုဏ်ပြုဖို့ စီစဉ်ခဲ့ပေမဲ့ မာနေးက ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ ကလော့ပ်က ပြောပါတယ်။ ပြီးတော့ ဒါဟာ အသင်းဖော် ပီသမှု၊ မိတ်ဆွေပီသမှုကို ပြသခဲ့ခြင်းဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်”ဟု ရေးသားခဲ့သည်။
ဆာလာနှင့် မာနေးတို့သည် လီဗာပူးလ်အသင်း၌ အားပြိုင်မှုများ ရှိနေသည်ဟု သတင်းထွက်ခဲ့ဖူးသော်လည်း မာနေးက ၎င်း၏ လူကြီးလူကောင်းဆန်မှုကို ပြသခဲ့ခြင်းလည်းဖြစ်သည်။