ဆန်မာရီနိုအသင်းနှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမတိုင်မီ အင်္ဂလန်အသင်းလူစာရင်းမှ ဟန်ဒါဆန်၊ ဂရီးလစ်ရှ်၊ စတာလင်၊ မေဆန်မောင့်၊ လုခ်ရှောစသည့် ကစားသမားငါးဦးအထိ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ကွင်းလယ်လူ ဟန်ဒါဆန်နှင့် ဂရီးလစ်ရှ်မှာ သောကြာနေ့က အယ်လ်ဘေးနီးယားအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် စစ်ဆေးမှုပြုလုပ်ရန် ၎င်းတို့၏ကလပ် လီဗာပူးလ်နှင့် မန်စီးတီးအသင်းထံ ပြန်သွားခြင်းဖြစ်သည်။
မန်စီးတီးအသင်း တိုက်စစ်ကစားသမား စတာလင်မှာ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် မပါဝင်နိုင်ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကွင်းလယ်လူ မေဆန်မောင့်မှာ သွားခွဲစိတ်ကုသမှုပြုလုပ်ရမည်ဖြစ်သည်။
ထို့ပြင် မန်ယူအသင်းနောက်ခံလူ လုခ်ရှောမှာလည်း ဦးခေါင်းထိခိုက်မှုကြောင့် ဆန်မာရီနိုအသင်းနှင့် ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ၎င်းတို့ငါးဦး၏နေရာတွင် ပဲလေ့စ်အသင်းကွင်းလယ်လူ ဂယ်လာဂါကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။
အသက် ၂၁ နှစ်သာရှိသေးသည့် ဂယ်လာဂါသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းမှ ပဲလေ့စ်အသင်းသို့ အငှားသွားရောက်ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၀ ပွဲကစား လေးဂိုးသွင်းယူကာ ခြေစွမ်းပြကစားလျက်ရှိသည်။
၎င်းသည် ကြာသပတေးနေ့က အင်္ဂလန် ယူ-၂၁ နှင့် ချက် ယူ-၂၁ အသင်းတို့ပွဲတွင် ပါဝင်ကစားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ် ခံရခြင်းဖြစ်သည်။
အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ဂယ်လာဂါ၏နေရာတွင် လိဒ်စ်အသင်းမှ ဆမ်ဂရင်းဝုဒ်ကို အစားထိုးရွေးချယ်ခဲ့သည်။
အင်္ဂလန်အသင်းသည် အုပ်စု(I)နောက်ဆုံးပွဲအဖြစ် တနင်္လာနေ့ (ယနေ့) တွင် ဆန်မာရီနိုအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အင်္ဂလန်အသင်းအနေဖြင့် ဒုတိယနေရာမှ ပိုလန်အသင်းအား သုံးမှတ်အသာရထားသောကြောင့် ယခုပွဲတွင် အနိမ့်ဆုံး သရေကစားနိုင်ရုံဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
ဆန်မာရီနိုအသင်းမှာ အုပ်စုကိုးပွဲစလုံး ရှုံးနိမ့်ထားပြီး သွင်းဂိုးတစ်ဂိုးသာရရှိကာ ပေးဂိုး ၃၆ ဂိုးအထိ ခွင့်ပြုထားရသဖြင့် အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့်နီးပါး သေချာနေပြီဖြစ်သည်။
ထို့ကြောင့် ဟန်ဒါဆန်၊ ဂရီးလစ်ရှ်၊ စတာလင်၊ မေဆန်မောင့်နှင့် လုခ်ရှောတို့ကို လူစာရင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။