ဗုဒ္ဓဟူးနေ့ညက ဆန်စီရိုမှာ ကစားတဲ့ပွဲစဉ်မှာ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို ၀-၂ နဲ့အနိုင်ရရှိခဲ့ပါတယ်။ မီလန်မြို့ခံနှစ်သင်းဖြစ်ပြီး ဆန်စီရိုတစ်ကွင်းထဲကိုပဲ အိမ်ကွင်းအဖြစ်အလှည့်ကျ သုံးနေရတဲ့ ပြိုင်ဘက်နှစ်သင်းတွေ့ဆုံတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အေစီမီလန်က အိမ်ရှင်အဖြစ်နဲ့ ကစားသွားခဲ့တာ ဖြစ်တာကြောင့် အင်တာမီလန်ကအဝေးကွင်းမှာ ၂ ဂိုးပြတ်အနိုင်ရခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။
အင်တာမီလန်အတွက်သွင်းဂိုးတွေကို ပထမပိုင်း ၈ မိနစ်နဲ့ ၁၁ မိနစ်တို့မှာ ဇက်ကိုနဲ့ မစ်ခီတာရန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အင်တာမီလန်က နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားပြီလို့လည်း ဆိုနိုင်ပါတယ်။
အင်တာမီလန်ဟာ ပထမပိုင်းတစ်ပိုင်းလုံး အေစီမီလန်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး အခုထက်တောင် ဂိုးတွေပိုပြီးရနိုင်တဲ့ အနေအထားရှိခဲ့ပါတယ်။ အေစီမီလန်က ဒုတိယပိုင်းမှာ ပိုကောင်းလာပေမယ့် ပြိုင်ဘက်ကိုတော့ အသာမယူနိုင်ဖြစ်ခဲ့ရပါတယ်။
အေစီမီလန်နဲ့အင်တာမီလန်ဟာ ၂၀၀၅ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ တွေ့ဆုံပြီးနောက်ပိုင်း ဒီပွဲဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ပြန်ဆုံတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ရေး အေစီမီလန်က အားထည့်ကြိုးပမ်းခဲ့ပေမယ့်လည်း ပွဲမစခင်းကတည်းက အားထားရတဲ့တိုက်စစ်မှူး ရာဖေးလီယို ကြွက်သားဒဏ်ရာရပြီး ဝင်မကစားနိုင် ဖြစ်ခဲ့ရတာကြောင့် အေစီမီလန်အသင်းက အားနည်းခဲ့ရပါတယ်။
ပထမပိုင်း ၈ မိနစ်မှာ ဒီမာကို ကန်တင်လိုက်တဲ့ ထောင့်ကန်ဘောကို တိုက်စစ်မှူးဇက်ကိုက ပြိုင်ဘက် ကာလာဘရီယာကိုခွန်အားသုံးအသာယူပြီး ၁၂ ကိုက်အကွာကန်နေ ဘယ်ခြေနဲ့ မြေမကျဘော အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သုံးမိနစ်အကြာမှာတော့ ဒီမာကိုကပဲ ဘောလုံးကို ကွင်းရဲ့ဘယ်ဘက်အခြမ်းကနေပြီး ဆွဲပြေးလာကာ မစ်ခီတာရန်ရဲ့ ပြေးလမ်းထဲကို အနေတော်ချပေးခဲ့ပါတယ်။ မစ်ခီတာရန်က အေစီမီလန်နောက်တန်းနဲ့ ဂိုးသမားမက်ဂ်နန်ကို ကျော်ဖြတ်ပြီးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်ဘက်က မစ်ခီတာရန်နဲ့ ရှာဟန်နော့လူတို့ရဲ့ ကန်သွင်းချက်တွေကလည်း ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်။ အေစီမီလန်အသင်းက ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ပြန်ကြိုးစားပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အင်တာမီလန်အသင်းကပဲ ဗိုလ်လုပွဲတက်ဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။