နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကစားနေသည့် အယ်လ်နာဆာအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ အယ်လ်အီတီဟတ်အသင်းနှင့် ငါးမှတ်အထိ ကွာဟသွားခဲ့ကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် အယ်လ်ခါလီအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် တစ်ဂိုးစီသရေကျပြီးနောက် ဆော်ဒီပရိုလိဂ်ဖလား မျှော်လင့်ချက်များ တဖြည်းဖြည်းပါးလျလာခဲ့သည်။ ယင်းပွဲတွင် စီရော်နယ်လ်ဒို တစ်ဂိုးသွင်းယူသော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်းရှိပြီး ဘောလုံး ရာသီတစ်ရာသီလျှင် နှစ်ကျော့ ပွဲပေါင်း ၃၀ အထိ ကစားရခြင်းဖြစ်သည်။ ယခု ၂၆ ပွဲစီ ကစားပြီးသောကြောင့် လေးပွဲသာ ကစားရန် ကျန်ရှိတော့ပြီး အယ်လ်အီတီဟတ်အသင်း အနေဖြင့် ချန်ပီယံဆုရရှိရန် များစွာအခြေအနေကောင်းသွားခဲ့သည်။
အယ်လ်အီတီဟတ် အသင်းအနေဖြင့် အမှတ်ပေးချန်ပီယံဆုကို ၂၀၀၈-၀၉ ရာသီက နောက်ဆုံးရယူထားသောကြောင့် ဆယ်စုနှစ်တစ်ခုကျော် ဆုဖလားနှင့်ဝေးကွာမှုကို အဆုံးသတ်နိုင်ရန် နီးစပ်လျက်ရှိသည်။ ယင်းပွဲတွင် အယ်လ်ခါလီကစားသမားများနှင့် ဝန်ထမ်းများက စီရော်နယ်လ်ဒို၏ဂျာစီကို ၀ိုင်းဝန်းတောင်းဆိုခဲ့ကြပြီး နောက်ဆုံးတွင် ကစားသမားတစ်ဦးအား လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အယ်လ်ခါလီအသင်း ဝန်ထမ်းတစ်ဦးက စီရော်နယ်လ်ဒိုနှင့် Selfie ရိုက်ရန်ကြိုးပမ်းမှုကို ၎င်းက ဒေါသတကြီး ငြင်းဆန်ကာ တွန်းထုတ်ခဲ့ပြီး အဝေးသို့ ထွက်သွားခဲ့သည်။ စီရော်နယ်လ်ဒိုသည် အမှတ်ပေးပွဲ ၁၃ ပွဲတွင် ၁၂ ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။