မန်စီးတီးနည်းပြ ဂွါဒီယိုလာက စီရော်နယ်လ်ဒိုသည် ၎င်းပြောင်းရွှေ့ကစားလိုသည့်အသင်းကို စိတ်ကြိုက်ရွေးချယ်ဆုံးဖြတ်နိုင်သည့် ကစားသမားအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့ဖူးသည်။
ယခု စီရော်နယ်လ်ဒို ပြောင်းရွှေ့ခွင့်တောင်းသည့်သတင်း ထွက်ပေါ်လာခြင်းကြောင့် ဂွါဒီယိုလာ၏ ပြောစကားကို ဗြိတိန်မီဒီယာအချို့က ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက “အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် (၃)ရက်၊ (၄)ရက် အလိုမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြင်သက်သက်အရ ဆိုရင်တော့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီအပါအဝင် ကစားသမားအနည်းငယ်ဟာ သူတို့ သွားကစားချင်တဲ့ အသင်းကို ဆုံးဖြတ်ခွင့်ရှိကြပါတယ်။ သူတို့က အပြောင်းအရွှေ့အတွက် ဦးဆောင်ဆွေးနွေးခွင့်ရှိသူတွေဖြစ်တာကြောင့် အရာရာတိုင်းက သူတို့ဆန္ဒအတိုင်းပါပဲ” ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီက စီရော်နယ်လ်ဒိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး သဘောတူညီမှုရရှိလုနီးပါးဖြစ်ခဲ့ပြီးမှ မန်ယူအသင်းက ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဂွါဒီယိုလာက စီရော်နယ်လ်ဒို အပေါ် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင်လည်း စီရော်နယ်လ်ဒို၏ ဆန္ဒကို မန်ယူအသင်း တားဆီးနိုင်ရန် ခက်ခဲနေသည်။