ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက စီရော်နယ်လ်ဒိုကို ဝယ်ယူခဲ့ခြင်းနှင့် ပီယာလိုအား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းကို နောင်တမရကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲလိုခြင်းကြောင့် ၂၀၁၈ နွေရာသီတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံမှ ယူရိုသန်း(၁၀၀)ဖြင့် ဝယ်ယူခဲ့သည်။
သို့သော် ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒို ရောက်လာပြီးနောက် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သာ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့သည်။
ထို့ပြင် ယခုရာသီအစတွင် ခန့်အပ်ခဲ့သည့် ပီယာလိုကြောင့် ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် စိုးရိမ်နေရသည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။
သို့သော် အက်ဂ်နယ်လီက ”စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တဲ့အတွက် ကျွန်တော် လုံးဝနောင်တမရပါဘူး။ အချိန်တွေ ပြန်ရွှေ့လို့ရတယ်ဆိုရင်တောင် သူ့ကို ကျွန်တော် ခေါ်ဦးမှာပါ။ ပြီးတော့ ပီယာလိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာကိုလည်း လုံးဝနောင်တမရပါဘူး”ဟု ပြောကြားခဲ့သည်။