မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ခေါ်ယူရန် ရည်မှန်းချက်ထားနေကြောင်းသိရသည်။
အင်တာမိုင်ယာမီအသင်းသည် ဂျူဗင်တပ်စ်ကစားသမားဟောင်းများဖြစ်သည့် တိုက်စစ်မှူး ဟီဂွါအင်နှင့် ကွင်းလယ်လူ မာတွီဒီတို့ကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က ပြုလုပ်ခဲ့သော အင်တာမိုင်ယာမီအသင်းဝတ်စုံသစ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒေးဗစ်ဘက်ခမ်က အသင်း၏အနာဂတ်စီမံကိန်းများကို ပြောကြားရာတွင် စီရော်နယ်လ်ဒိုအား ခေါ်ယူလိုကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေးဗစ်ဘက်ခမ်က ” ကျွန်တော်တို့အသင်းရဲ့ လူငယ်အကယ်ဒမီက လာမယ့်နှစ်တွေအတွင်းမှာ တိုးတက်လာပြီး အသင်းကြီးကို အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းပရိသတ်တွေက နာမည်ကျော်ကစားသမားတွေ ခေါ်ယူတာကို မြင်ချင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဟီဂွါအင်နဲ့ မာတွီဒီတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ပြီးနောက် နောက်ထပ်နာမည်ကျော်ကစားသမားတွေ ထပ်ပြီးခေါ်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။ မိုင်ယာမီက လူတိုင်းကို ဆွဲဆောင်နိုင်တဲ့နေရာမျိုးပါ။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့လို ကစားသမားမျိုးတွေလည်း နှစ်သက်ပါလိမ့်မယ်။ သူတို့လိုကစားသမားမျိုးတွေကို ခေါ်ယူချင်ပါတယ်” ဟု ပြောကြားခဲ့သည်။