မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် ၎င်း၏ကစားသမားအား ခေါ်ယူရန် မီလန်မြို့ခံ အေစီမီလန်နှင့် အင်တာမီလန်အသင်းများထံ ကမ်းလှမ်းခဲ့သော်လည်း လစာငွေမြင့်မားမှုကြောင့် နှစ်သင်းစလုံးက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒို(၃၇ နှစ်)သည် ချန်ပီယံလိဂ် ယှဉ်ပြိုင်လိုခြင်းကြောင့် မန်ယူအသင်းမှ ထွက်ခွာခွင့်ပြုရန် တရားဝင်တောင်းဆိုခဲ့သူဖြစ်ပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ်က ၎င်းအတွက် အသင်းသစ်ရှာဖွေရာတွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်း၌ မီလန်နှစ်သင်းထံ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။
သို့သော် စီရော်နယ်လ်ဒိုကို အသားတင်လစာ တစ်နှစ်ယူရို (၂၄)သန်းပေးချေရမည်ဖြစ်ပြီး အခွန်ဆောင်ရမည့်ငွေကြေးနှင့်ဆိုပါက တစ်နှစ်လျှင် ယူရို(၄၅)သန်းဝန်းကျင် ကုန်ကျမည်ဖြစ်သောကြောင့် အဆိုပါအသင်းများက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ရာသီသစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားနေသော်လည်း အသင်းမှထွက်ခွာလိုသည့် ၎င်း၏ဆန္ဒမှာ မပြောင်းလဲသေးကြောင်း သိရသည်။