ဟယ်ရီကိန်းသည် စပါးတွင် စာချုပ်ကုန်သည်အထိဆက်နေပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းရန်ရည်ရွယ်နေကြောင်းသတင်းများထွက်ပေါ်လာသည်။ ထို့ကြောင့်ကိန်းကိုခေါ်ယူလိုသော အသင်းများအနေဖြင့်လာမည့်နှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၎င်းကိုခေါ်ယူနိုင်ဖွယ်ရှိနေသည်။
လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကိန်းနှင့် စပါးအသင်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ အဆုံးအဖြတ်တစ်ခု ရှာဖွေရဖွယ်ရှိနေသည်။ ကိန်းသည် ဆုဖလားများဆွတ်ခူးနိုင်ရေးအတွက် အသင်းပြောင်းလိုပြီး ပရီးမီးယားလိဂ်တွင် ဆက်နေကာ လိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်သစ်ကို တင်လိုသည်။ သို့ရာတွင် လက်ဗီက ကိန်းကို အသင်းတွင် ဆက်ထိန်းလိုနေပြီး ၎င်းအသင်းပြောင်းမည်ဆိုပါကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများကို ရောင်းချရန် ဆန္ဒမရှိဖြစ်နေသည်။
လက်ဗီသည် ကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရာတွင် လက်ပေါက်ကတ်သူအဖြစ်နာမည်ကြီးသည်။ ထို့ကြောင့်ကိန်းသည် စပါးနှင့်စာချုပ်ကုန်သည်အထိ အသင်းတွင် ဆက်ကစားပြီးနောက် ၂၀၂၄ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်အသင်းပြောင်းရန် ရည်ရွယ်နေကြောင်း တယ်လီဂရဖ်သတင်းစာက ဖော်ပြသည်။ ဈေးကွက်တန်ကြေးပေါင်သန်း ၁၅၀ ခန့်ရှိသော ကစားသမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရပါက လက်ဗီနှင့်စပါးအတွက် ကြီးမားသည့်ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။