အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးသူ စတာလင်နှင့် လူငယ်ကစားသမား ဘယ်လင်ဟမ်တို့ကို ပစ်မှတ်ထား၍ ဟန်ဂေရီ ပရိသတ်များက လူမျိုးရေးခွဲခြားခဲ့သည့်လုပ် ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်က ဝေဖန်ပြောကြားခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်ဖြစ်သည့် ဟန်ဂေရီ-အင်္ဂလန်ပွဲကို ကြာသပတေးနေ့က ဘူဒါပက်စ်မြို့ရှိ Puskas Arena ကွင်း၌ ကျင်းပခဲ့ပြီး ဧည့်သည်အင်္ဂ လန်အသင်းက (၀-၄) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ဟန်ဂေရီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲကာလတွင် ပရိသတ်များ၏ လူမျိုးရေး ခွဲခြားသည့်အပြုအမူကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ၏ အိမ်ကွင်းသုံးပွဲ ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံထားရသော်လည်း ယခုပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကျင်းပသည့်ပွဲဖြစ်သောကြောင့် ပရိသတ် ၅၈၂၆၀ ဦး လာရောက်ကြည့်ရှုခွင့်ရခဲ့သည်။
ဟန်ဂေရီအသင်းနည်းပြ မာကိုရော့ဆီနှင့် ကစားသမားများက အင်္ဂလန်အသင်းအား လေးစားမှုရှိရန် တောင်းဆိုထားသော်လည်း ပွဲမစတင်မီ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဒူးတစ်ဖက်ထောက်နေစဉ် မှာပင် ပရိသတ်များက ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြသည်။
ပထမပိုင်းတွင် ထူးခြားမှုမရှိသော်လည်း ဒုတိယပိုင်း ၅၅ မိနစ်တွင် စတာလင် အဖွင့်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံစဉ် ပရိသတ်များက ဘီယာထည့်ထားသည့်စက္ကူ ခွက်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သလို မက်ဂွိုင်းရား တတိယဂိုးသွင်းယူပြီးနောက် မီးကျည်တစ်ခုဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရ သည်။ ထို့ပြင် စတာလင်နှင့် အရန်ခုံတွင်ထိုင် နေသည့် လူငယ်ကစားသမား ဘယ်လင်ဟမ် တို့ကို ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆောက်ဂိတ်က “လူမျိုးရေးခွဲခြားတဲ့ သတင်းတွေအကြောင်း ကျွန်တော်ကြားဖူးပါတယ်။ ပွဲကစားနေစဉ်မှာတော့ မကြားမိပါဘူး။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်လဲဆိုတာ အားလုံးသိကြပါတယ်။ ဒါက လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ ဒီအကြောင်းကို သတင်းပို့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ လုံခြုံ ရေးခေါင်းဆောင်က ကစားသမားတွေနဲ့ စကားပြောပြီး သူတို့ပြောပြတာတွေကို မှတ်တမ်းယူထားပါတယ်။ ဒီအခြေအနေကို မှန် ကန်တဲ့လမ်းကြောင်းတွေနဲ့ ဖြေရှင်းနိုင်မှာပါ။ အဲဒီလိုလုပ်တဲ့သူတွေကို ဗီဒီယိုရိုက်ထားပြီးပြီ လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာကြီးက တိုးတက်လာပြီဖြစ်ပေမဲ့ လူတချို့ ရဲ့ တွေးခေါ်ပုံနဲ့ မလိုမုန်းထားမှုတွေက စွဲကပ်နေပါတယ်။ ကမ္ဘာကြီးက ပြောင်းလဲနေတာ ကြောင့် အဆုံးသတ်မှာ သူတို့က ဒိုင်နိုဆောတွေဖြစ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။