ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းတောင်ပံကစားသမား စတာလင်အတွက် ပထမအကြိမ်ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရသော်လည်း ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ်ပြောင်းလဲမှုနှင့်အတူ အသင်းကို အပြောင်းအလဲများပြုလုပ်သွားရန် စီစဉ်နေရာ မန်စီးတီးအသင်းနှင့် အဆင်မပြေဖြစ်နေသည့် စတာလင်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
စတာလင်သည် မန်စီးတီးအသင်း၌ ခြေစွမ်းပြကစားနိုင်သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေသူဖြစ်သည်။
ထို့ပြင် မန်စီးတီးအသင်းအနေဖြင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ၎င်းင်းကို အလွတ် ထွက်ခွာခွင့်မပြုလိုဘဲ ပြောင်းရွှေ့ကြေးရရှိမည့်အချိန်တွင် ရောင်းထုတ်ရန် စီစဉ်လျက်ရှိသည်။
သို့သော် ၂၀၁၅ ခုနှစ်တွင် လီဗာပူးလ်အသင်းထံမှ ပေါင် ၄၉ သန်းဖြင့် ခေါ်ယူခဲ့သည့် ၎င်းအတွက် ပေါင်သန်း ၅၀ ဝန်းကျင် အလိုရှိနေသောကြောင့် ချယ်လ်ဆီးအသင်း၏ ပထမအကြိမ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်း+ Add-ons ကြေးဖြင့် ကမ်းလှမ်းရာ မန်စီးတီးအသင်းက လက်မခံဘဲ ပယ်ချခဲ့သော်လည်း ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် ခေါ် ယူနိုင်ရန် ယုံကြည်နေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းမှာ လူကာကူကို အင်တာမီလန်သို့ အငှားချရန်လည်း နီးစပ်နေပြီဖြစ်သည်။