မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပစ်မှတ်ထားခဲ့တာ ကြာပြီ ဖြစ်တဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချို ကို မနေ့ကပဲ ပေါင် 72.9 သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သလို နံပါတ် 25 ဂျာစီ ဝတ်ဆင်မှာ ဖြစ်ကြောင်းလဲ အတည်ပြုပေးခဲ့ ပါတယ် ။
အခုတော့ ယူနိုက်တက် ကစားသမား ဖြစ်လာတဲ့ ဆန်ချိုဟာ အသင်းနဲ့ ပြုလုပ်တဲ့ ပထမဆုံး အမေးအဖြေ ကဏ္ဍမှာပဲ ဂျူဗင်တပ် နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း တို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရိုနာလ်ဒို ဟာ သူ့ရဲ့ ကစားပုံ အပေါ် လွှမ်းမိုးထားတဲ့ ကစား သမား ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။
ဒါ့အပြင် ဘရာဇီး ဂန္တဝင် ရော်နယ်ဒင်ဟို နဲ့ ယူနိုက်တက် ဂန္တဝင် ဝိန်းရွန်းနီ တို့ကတော့ သူ့ရဲ့ ငယ်ဘဝက ဟီးရိုးတွေ ဖြစ်ကြကြောင်း ဆန်ချိုက ယူနိုက်တက် အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဆက်လက် ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။
” ရော်နယ်ဒင်ဟို ၊ ပြီးတော့ အင်္ဂလန် အတွက် ဝိန်းရွန်းနီ ပေါ့ဗျာ ။ သူတို့ နှစ်ဦးက တကယ့် အိုင်ကွန် ကစားသမားတွေ ဖြစ်ကြသလို စံပြုသင့်ထိုက်တဲ့ ၊ ခမ်းနားတဲ့ သူတွေပဲ ဖြစ်ကြပါတယ် ”
” လူတိုင်းဟာ ခြားနားကြတယ်လို့ ကျွန်တော် ခံစားရပါတယ် ။ ကျွန်တော့်ဆီမှာလည်း ခြားနားတဲ့ ကစားသမားတွေရဲ့ မတူညီတဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ခံစားမိ ပါတယ် ”
” ဒါပေမဲ့ ခရစ္စတီယာနို ရိုနာလ်ဒို ၊ ကစားသမား ဘဝမှာ သူ လုပ်ဆောင်ခဲ့တာတွေက အံ့ဖွယ်ချည်း ပါပဲ ။ သူဟာ စပို့တင်း လစ္စဘွန်း အသင်း ကနေ ကစားသမား ဘဝကို စတင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့ ပါတယ် ”
” အိုင်ကွန် ကစားသမားတွေ အားလုံးက အသင်းကောင်းတွေ ဆီကပဲ ပေါ်ထွက် လာခဲ့ကြတာဟာ တကယ့်ကို ကြည့်ကောင်းလှ ပါတယ် ” လို့ ဆန်ချို က ပြောကြားခဲ့လိုက်ပြီး ငယ်ဘဝရဲ့ ပတ်သက်လို့ …
” ကျွန်တော် ငယ်စဥ်က ၊ လန်ဒန် တောင်ပိုင်းမှာ နေခဲ့စဥ် ကပေါ့ ၊ ကျွန်တော့်ထက် အသက်ကြီးတဲ့သူတွေ ဘောလုံး ကန်တာကို ကြည့်ရှုရ ကတည်းက သူတို့တွေနဲ့ အတူ ဝင်ရောက် ကစားချင်စိတ် ဖြစ်ခဲ့ရ ပါတယ် ။ အဲ့ဒီထဲက ကျွန်တော့်ဟာ ဘောလုံးကို ချစ်မြတ်နိုးခဲ့တာပါ ”
” အဲ့ဒီနောက် ကျောင်းရောက်တာနဲ့ အချိန်တိုင်းလိုလိုပဲ ကစားခဲ့ရတာ ဘောလုံး ပါပဲ ။ ကျောင်းဆင်းတာနဲ့ ကျွန်တော့်တို့ ဘောလုံးချည်း ကစားနေခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ကျွန်တော်ဟာ ဘောလုံးကို အလေးအနက်ထားခဲ့မိပါတယ် ”
” အဲ့ဒီတုန်းက ရော်နယ်ဒင်ဟို သူများ ခြေထောက်ကြား ဘောလုံးထည့်ပြီး ကစားတဲ့ ကြော်ငြာတွေ့ရင် ကျွန်တော်တို့လည်း သူငယ်ချင်းတွေနဲ့ ကစားတဲ့ အခါ အဲ့ဒီ အတိုင်း အတုယူ လိုက်လုပ်ခဲ့ကြတာပေါ့ဗျာ ” လို့ ဆန်ချို က ပြောပြခဲ့လိုက် ပါတယ် ။