spot_img

ဂွါဒီယိုလာကိုတွန်းလှန်ပြီး ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက်ကိုင်မြှောက်ခဲ့တဲ့ချယ်လ်ဆီး

ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ All English Final စတဲ့ဂုဏ်ပုဒ်တွေနဲ့လျော်ညီစွာပဲ အကြိတ်အနယ်ရှိပြီး ရင်ခုန်စရာကောင်းတဲ့ ဗိုလ်လုပွဲတစ်ပွဲကိုခံစားခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံလည်းဖြစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တက်ရောက်လာတဲ့အသင်းလည်းဖြစ်တဲ့ မန်စီးတီးနဲ့ နည်းပြတူဟယ်လ်နဲ့ ရာသီဝက်ပေါင်းစည်းမှုမှာ အတည်ငြိမ်ဆုံးခြေစွမ်းကိုပြသနိုင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်ပွဲဟာ နောက်ဆုံးမိနစ်အထိစိတ်လှုပ်ရှားမှုကိုပေးစွမ်းခဲ့တာပါ။

myan789

မန်စီးတီးရဲ့ တစ်ခုတည်းသောလိုအပ်ချက်ဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ကိုအရယူဖို့ဂွါဒီယိုလာအကောင်းဆုံးပြင်ဆင်ခဲ့ပေမဲ့ တူဟယ်လ်ရဲ့ နည်းဗျူဟာအခင်းအကျင်းနဲ့တုံ့ပြန်မှုက မန်စီးတီးရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့တာပါ။

မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းမှာ စတာလင်၊ မာရက်ဇ်၊ ဒီဘရိုင်းနားတို့နဲ့ စုဖွဲ့ခဲ့ပြီး ဖိုဒန်၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားနဲ့ လူစုံချင်းကျင်းခဲ့သလို၊ ချယ်လ်ဆီးအသင်းကလည်း ဗာနာ၊ မောင့်၊ ဟာဗက်ဇ်၊ ဂျော်ဂျင်ဟို၊ ကွန်တေ၊ ဘင်ချီဝဲလ်၊ ရီးစ်ဂျိမ်းစ်တို့နဲ့ တုံ့ပြန်ခဲ့ပါတယ်။

ပွဲစကတည်းက (၂)သင်းစလုံးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြန်အလှန်ထိုးဖောက်ကစားခဲ့လို့ ပွဲကအကြိမ်အနယ်ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းက အခွင့်အရေးတွေပိုဖန်တီးနိုင်ခဲ့ကာ ပိုကောင်းတဲ့ပုံစံကိုပြသနိုင်ခဲ့ပါတယ်။

မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးဖို့ကြိုးစားခဲ့ပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ အဆင့်ဆင့်ဟန့်တားဖျက်ထုတ်မှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို FA ဖလားဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ပုံစံအတိုင်း လျှင်မြန်တဲ့တိုက်စစ်ဆင်မှုတွေကိုအသုံးပြုသွားခဲ့ပြီး ရူဘင်ဒီယက်ဇ်၊ ဂျွန်စတုန်းစ်တို့ရဲ့ ဖျက်အားတွေကြောင့်သာ မန်စီးတီးအသင်း သက်သာရာရခဲ့တယ်လို့ဆိုရပါမယ်။

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မာကျောမှုကို ယှဉ်ကစားဖို့ခက်ခဲ့လို့ အခွင့်အရေးတွေလည်း သိပ်မရခဲ့ဘဲ ဘောလုံးကကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂွါဒီယိုလာပွဲထုတ်လာခဲ့တဲ့ စတာလင်ကလည်း ချယ်လ်ဆီးခံစစ်က ရီးစ်ဂျိမ်းစ်ကို ကျော်ဖြတ်ဖို့ခက်ခဲ့ပြီး လူပိုတစ်ဦးလိုဖြစ်နေခဲ့လို့ မန်စီးတီးအသင်းရဲ့ တိုက်စစ်က အသက်မဲ့သလိုဖြစ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းခံစစ်မှာ သီယာဂိုဆေးလ်ဗားဒဏ်ရာကြောင့်ပထမပိုင်းမှာပဲ လူစားလဲခဲ့ရပေမဲ့ အစားဝင်လာတဲ့ ခရစ္စတန်ဆန်ကလည်း ရူဒီဂါနဲ့တွဲဖက်က အတည်ငြိမ်ဆုံး ကစားနိုင်ခဲ့လို့ ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက်အဖိုးတန်ဂိုးလည်းဖြစ်၊ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးလည်းဖြစ်တဲ့ ဂိုးကိုတော့ ပွဲချိန် (၄၂)မိနစ်မှာ မေဆန်မောင့်ရဲ့ အကွက်မြင်မြင်ပေးပို့မှုကနေ ဟာဗက်ဇ်က မန်စီးတီးဂိုးသမား အီဒါဆန်ကိုပါ လိမ်ခေါက်ကျော်ဖြတ်ပြီး သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းချေပဂိုးရဖို့ တိုက်စစ်ပိုကစားလာခဲ့လို့ ချယ်လ်ဆီးအသင်း ခံစစ်ကို အဓိကဦးတည်ပြီးကစားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာက ပွဲအရှိန်မြင့်နေချိန်၊ အရေးကြီးနေချိန်မှာ အသင်းခေါင်းဆောင်ဒီဘရိုင်း ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနဲ့ ထိခိုက်မိပြီး ပွဲချိန် မိနစ် (၆၀)မှာပဲ လူစားလဲခဲ့ရတာပါပဲ။

မန်စီးတီအသင်းဟာ ချေပဂိုးရဖို့ ဂျေးဇူး၊ ဖာနန်ဒင်ဟို၊ အဂွဲရိုးတို့ထည့်သွင်းပြီး တိုက်စစ်မြှင့်ကစားခဲ့ပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်မာကျောမှုကို ဖြတ်ကျော်ဖို့အဖြေရှာမတွေ့ခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းကပဲ ခံစစ်ကစားရင်း တန်ပြန်တိုက်စစ်တွေကနေ မန်စီးတီးကို ပြန်ဖိအားပေးနိုင်ခဲ့ပြီး လူစားဝင်ကစားသမားပူလီဆစ် အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ မန်စီးတီးသက်သာရာရခဲ့တာပါ။

ပွဲပြီးဖို့နီးကပ်လာတာနဲ့အမျှ မန်စီးတီးအသင်းစိုးရိမ်စိတ်များလာပြီး ချယ်လ်ဆီးအသင်းကတော့ ခံစစ်ကိုတည်တည်ငြိမ်ငြိမ်စုဖွဲ့ကာ အနိုင်ဂိုးကိုထိန်းကစားခဲ့ပါတယ်။

မန်စီးတီးအသင်း ပွဲပြီးခါနီးမှာ အခွင့်အရေးတချို့ရခဲ့ပေမဲ့ အဂွဲရိုး၊ ဂျေးဇူးတို့အသုံးမချနိုင်ခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက ဟာဗက်ဇ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၁-ဝ)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းရဲ့ (၂)ကြိမ်မြောက်လည်းဖြစ်၊ နည်းပြတူဟယ်လ်လက်ထက် ပထမဆုံးချန်ပီယံဆုလားလည်းဖြစ်၊ ဒီရာသီရဲ့တစ်လုံးတည်းသော ချန်ပီယံဆုဖလားလည်းဖြစ်တဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်လာနိုင်ခဲ့ပေမဲ့ ချန်ပီယံဆုဖလားနဲ့လွဲချော်ခဲ့လို့ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု၊ လိဂ်ဖလားချန်ပီယံဆုတို့နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular