ရီးယဲလ်မက်ဒရစ်ကို Dramatic ဆန်ဆန် အရေးနိမ့်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရပြီးနောက် ဂွါဒီယိုလာက သူ့ကစားသမားတွေနဲ့တောင် စကားမပြောခဲ့ဘူးလို့ သိရတယ်။ ရီးယဲလ်နဲ့ ရှုံးပွဲကို တတ်နိုင်သလောက် သူ ပြန်မကြည့်ဘူး။ သူ လုပ်နေကျ အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို သွားရောက် နှစ်သိမ့်တာမျိုးတောင် မလုပ်ခဲ့ဘူး။ တစ်သင်းလုံး ခံစားခဲ့ရတာတွေအတွက် စကားလုံးတွေနဲ့ နှစ်သိမ့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူ ကောင်းကောင်း နားလည်တယ်။ မက်ဒရစ်က ပြန်လာပြီးနောက် ဂွါဒီယိုလာက အသင်းသားတွေကို အပြည့်အဝ အနားယူစေတယ်။ ခြွင်းချက်အနေနဲ့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေခိုင်းပြီး အွန်လိုင်းပေါ်က ထင်မြင်ချက်၊ မှတ်ချက်တွေကို အလေးမစိုက်ဖို့၊ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ဖို့ မှာခဲ့တယ်။ သူကိုယ်တိုင်တော့ အနားမယူဘူး။ လေ့ကျင့်ရေးကွင်းကို ပြန်လာတယ်။ ပြီးတော့ မီဒီယာတွေနဲ့ စကားပြောတယ်။