အက်သလက်တီကိုဥက္ကဋ္ဌ စီရီဇိုက ဘာစီလိုနာအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အနေဖြင့် အသင်းသို့ပြန်လာပါက ကြိုဆိုသွားမည်ဟု ပြောကြားခဲ့သည်။
ဂျော်အိုဖေးလစ်သည် ဘာစီလိုနာ (၁-၀) အက်သလက်တီကိုပွဲတွင် ဘာစီလိုနာအတွက် ဂိုးသွင်းပြီးနောက် အကြီးအကျယ်အောင်ပွဲခံခဲ့သဖြင့် အက်သလက်တီကိုပရိသတ်များက ၎င်းကို အလိုမရှိတော့ဟု ထုတ်ပြန်ခဲ့ကြသည်။
သို့သော် စီရီဇိုကမူ အသင်းသို့ ဂျော်အိုဖေးလစ် ပြန်လာပါကကြိုဆိုမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
” ဂျော်အိုဖေးလစ်က အက်သလက်တီကိုကစားသမားပါ။ သူ ဘာစီလိုနာအသင်းမှာ အငှားသွားရောက်ကစားနေပြီး သူ အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ သူဟာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ တကယ်လို့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းက သူ့ကို မခေါ်ရင် သူဟာ အက်သလက်တီကိုအသင်းကိုပဲ ပြန်လာရမှာပါ”ဟု ပြောကြားခဲ့သည်။