ဇွန် (၂၉)ရက်က ကစားခဲ့သည့် အင်္ဂလန်(၂-၀) ဂျာမနီပွဲတွင် ငိုကြွေးခဲ့သည့် ဂျာမန်မိန်းကလေးအတွက် ကောက်ခံရရှိသည့်အလှူငွေများကို UNICEF သို့ ပြန်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဂျာမနီအသင်း ရှုံးနိမ့်မှုကြောင့် ငိုကြွေးနေသည့် ဂျာမန်ပရိသတ်ကလေးငယ်အား ဖခင်ဖြစ်သူက နှစ်သိမ့်နေသည့်ပုံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အင်္ဂလန်ပရိသတ်အချို့က လူမျိုးရေးခွဲခြားမှု၊ ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ဝေးလ်စ်ပရိသတ်တစ်ဦးက အွန်လိုင်းတွင် ဗြိတိန်များမှာ ရိုင်းစိုင်းသူမဟုတ်ကြောင်း သက်သေပြပါဟုဆိုကာ အလှူငွေကောက်ခံခဲ့ရာ ပေါင် (၃၆၀၀၀)အထိ ရရှိခဲ့သည်။