အက်စတွန်ဗီလာအသင်း၏ ပရိသတ်များသည် နည်းပြ စတီဗင်ဂျရတ်ကို ရာထူးမှ ထုတ်ပယ်ရန် လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုမှုများ ပြုလုပ်နေကြပြီး ပရိသတ်အချို့က ၎င်းကို နလပိန်းတုံးဟုပင် သုံးနှုန်းခဲ့ကြောင်း သိရသည်။
စတီဗင်ဂျရတ်(၄၂ နှစ်)သည် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး (၁၀)နှစ်နီးပါး ဝေးကွာနေသည့် စကော့တလန်အမှတ်ပေးချန်ပီယံဆု ပြန်လည်ရယူပေးနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် ယာဂန်ကလော့ပ်အလွန် လီဗာပူးလ်နည်းပြရာထူးကို လွှဲပြောင်းရယူနိုင်ဖွယ်ရှိသည့် အလားအလာရှိသော လူငယ်နည်းပြတစ်ဦးဟုလည်း ထင်ကြေးပေးခံခဲ့ရသည်။
ယင်းသို့ ကျော်ကြားလာသည့် ဂျရတ်ကို အက်စတွန်ဗီလာအသင်းက ၂၀၂၁ နိုဝင်ဘာလတွင် (၃)နှစ်ခွဲစာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ရိန်းဂျားစ်အသင်းကို လျော်ကြေးပေါင်(၄)သန်းပေးခဲ့ရသည်။
ဂျရတ်သည် အက်စတွန်ဗီလာနည်းပြဘဝကို နိုင်ပွဲနှင့် စတင်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ရာသီကုန်ချိန်တွင်မူ အဆင့်(၁၄)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
ယခင်နည်းပြ ဒင်းန်စမစ်လက်ထက်တွင် အဆင့်(၁၆) နေရာရောက်ရှိနေသည့်အသင်းကို လွှဲပြောင်းရယူခဲ့ရခြင်းဖြစ်ပြီး ၎င်းလက်ထက်တွင် (၂)ဆင့်သာ မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံး(၄)ပွဲဆက်ရှုံးနိမ့်ခဲ့သလို၊ ယခုရာသီတွင်လည်း အဖွင့်(၄)ပွဲ၌ တစ်ပွဲသာအနိုင်ရကာ (၃)ပွဲရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များက ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုလာကြခြင်းလည်းဖြစ်သည်။
ဂျရတ်သည် ပရီးမီးယားလိဂ်နောက်ဆုံး(၁၅)ပွဲ၌ နိုင်ပွဲ (၃)ပွဲသာ ရယူနိုင်ခဲ့ပြီး (၉)ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက်လည်း အက်စတွန်ဗီလာပရိသတ်အချို့က ဒေါသထွက်နေကြပြီး မည်သည့်အပြောင်းအလဲမျှ မပြုလုပ်နိုင်သည့် နလပိန်းတုံး ဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းအား ရာထူးမှ ထုတ်ပယ်သင့်ပြီဖြစ်ကြောင်း တောင်းဆိုခဲ့ကြသည့် ပရိသတ်အများစုက ၎င်း၏ နည်းစနစ်ပိုင်းအပေါ် မေးခွန်းထုတ်ခဲ့ကြောင်းလည်း သိရသည်။
ပရိသတ်တစ်ဦးက ဂျရတ်၏ ပြဿနာမှာ ကစားသမားများ၏ ခြေစွမ်းနှင့် ပွဲအခြေအနေကိုပင် မှန်အောင် ကြည့်နိုင်စွမ်းမရှိခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။
ပရိသတ်တစ်ဦးကလည်း ” ကျေးဇူးပြုပြီး သူ့ကို အခု ရာထူးက ထုတ်လိုက်ပါတော့။ ဘာမှ စဉ်းစားမနေနဲ့၊ ဘာမှ ဆွေးနွေးမနေပါနဲ့။ ဗီလာပရိသတ်တိုင်းရဲ့ မျက်နှာ ပြုံးနေတာကို ဒီည မြင်တွေ့ချင်ရင် ဂျရတ်ကို အခုထုတ်လိုက်ပါ”ဟု ရေးသားခဲ့သည်။
ပရိသတ်တစ်ဦးကမူ ”ဝက်စ်ဟမ်းနဲ့ပွဲမှာ မထိရောက်တဲ့ ဖြတ်တင်ဘောတွေကိုပဲ မိုက်မိုက်မဲမဲနဲ့ အဆက်မပြတ်သုံးနေခဲ့တယ်။ ဒီပွဲရှုံးရတာ သူ့အမှားတွေကြောင့်ပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျရတ်က နလပိန်းတုံးတစ်ယောက်ပါပဲ”ဟု ရေးသားခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂျရတ်သည် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ အဲဗာတန်နည်းပြ လမ်းပတ်တို့နှင့်အတူ ရာထူးမှ အစောဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ်လည်း ရေပန်းစားနေသူဖြစ်သည်။