မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းအနေဖြင့် ဂိုးသွင်းစွမ်းရည်ကျဆင်းနေသော်လည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူမည်မဟုတ်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် သွင်းဂိုးတစ်ဂိုးထက် ပိုမသွင်းနိုင်သည့်ပွဲ (၈)ပွဲအထိရှိနေပြီး အချို့ပွဲစဉ်များတွင် ရမှတ်ဆုံးရှုံးမှုများရှိနေရာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် ဂွါဒီယိုလာက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ခေါ်ယူသွားမည်မဟုတ်ကြောင်းနှင့် ဂိုးရရန် တစ်သင်းလုံးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက “လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး လုံးဝခေါ်ယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃၃)ပွဲမှာ အဂွဲရိုးက (၄)ပွဲ၊ (၅)ပွဲလောက်ပဲ ကစားနိုင်ခဲ့ပြီး ဂျေးဇူးကလည်း ဒဏ်ရာကြောင့် ပွဲ အများကြီး မကစားနိုင်ခဲ့ပါဘူး။ ဂျေးဇူးဟာ တကယ်ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးပါ။ ပွဲကစားတဲ့ အရေအတွက်နဲ့ ဂိုးသွင်းနှုန်းကို အချိုးချလိုက်မယ်ဆိုရင် ဂျေးဇူးဟာ ထိပ်တန်းဂိုးသွင်းသူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါလိမ့်မယ်။ ဂိုးတွေရဖို့အတွက် တိုက်စစ်မှူးတွေမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ တစ်သင်းလုံးမှာ တာဝန်ရှိပါတယ်။ တိုက်စစ်မှူးတွေက ခံစစ်က ဆင်းကူတာမျိုး ရှိသလို၊ နောက်တန်းကစားသမားတွေကလည်း ထောင့်ကန်ဘောတွေကနေ ဂိုးတွေသွင်းနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ ဂိုးရဖို့ ခက်နေတာမှန်ပေမဲ့ ဒါကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ပွဲကစားထားရာတွင် သွင်းဂိုး (၁၈)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး တိုက်စစ်အကောင်းဆုံးအဖြစ် ရပ်တည်နေသည့် လီဗာပူးလ်အသင်း(၂၉ ဂိုး)ထက် (၁၁)ဂိုး လျော့နည်းနေသည်။