spot_img

ဂိုးသွင်းခြေရဖို့ ရုန်းကန်နေရတဲ့ တီမို ဗာနာ ကို ဖာနန်ဒို တောရက်စ် နဲ့ ခိုင်းနှိုင်းဖို့ ငြင်းဆန်ခဲ့တဲ့ လမ်းပတ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ရက်ဒ်ဘူးလ် လစ်ပ်ဇစ် အသင်း ကနေ ချဲလ်ဆီး အသင်း ကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ အခုအခါမှာ ဂျာမန်မြေမှာ ရခဲ့ဖူးတဲ့ ဂိုးသွင်းခြေမျိုး ပြန်ရဖို့ အထူး ရုန်းကန်နေရပါတယ် ။

ချဲလ်ဆီး သို့ မပြောင်းလာခင် က လစ်ပ်ဇစ် အသင်း ရဲ့ ကလပ် သမိုင်း တလျှောက် ဂိုးသွင်း အများဆုံး မှတ်တမ်း ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဗာနာ ဟာ လက်ရှိ အင်္ဂလန်မြေမှာတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ပွဲမှာ သွင်းဂိုး တဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ် ။

myan789

ပုံမှန်အားဖြင့် ချဲလ်ဆီး အသင်း ဟာ တိုက်စစ်မှူးတွေနဲ့ အစေးမကပ်တဲ့ ထိပ်တန်း ကလပ် တသင်း ဖြစ်တာနဲ့အညီ ၊ တီမို ဗာနာ မတိုင်ခင် ကတည်းက တိုက်စစ်မှူး သင်္ချိုင်း ကလပ် လို့ တင်စားရလောက်အောင် အထိ ကြေးကြီးပေး ခေါ်ယူခဲ့တဲ့ နံပါတ် ၉ နေရာ တိုက်စစ်မှူးတွေ ခြေစွမ်းမပြနိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ် ။

တချိန် က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်လာခဲ့ဖူးတဲ့ အန်ဒရေ ရှက်ဗ်ချန်ကို ၊ ဖာနန်ဒို တောရက်စ် ၊ အယ်လ်ဗာရို မိုရာတာ တို့ဟာ ဆိုးရွားလှတဲ့ ဂိုးသွင်းနှုန်း ကို ချဲလ်ဆီး အသင်းမှာ ရရှိခဲ့ပါတယ် ။ ဒီအထဲမှာ တောရက်စ် ကတော့ အထင်ကရ အဖြစ်ဆုံးလို့ ဆိုရမှာပါ ။

အောင်မြင်မှု အနေနဲ့ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ဖလား တွေကို တောရက်စ် တယောက် ချဲလ်ဆီး မှာ ရရှိခဲ့ပေမယ့် ၊ တဦးချင်း မှတ်တမ်းကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ် ။ အနည်းဆုံးတော့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် တောရက်စ် ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ဟာ အကျည်းတန်ခဲ့ရတယ် လို့ နားလည်ပေးလို့ ရပါတယ် ။

လောလောဆယ် မှာ ပြိုင်ဖက် အသင်း ပရိသတ်တွေဟာ ဗာနာ ကို တောရက်စ် ၊ မိုရာတာ တို့လို အစွမ်းမပြနိုင်တဲ့ ချဲလ်ဆီး တိုက်စစ်မှူးတွေနဲ့ ခိုင်းနှိုင်းပြက်ရယ်ပြုနေကြပါတယ် ။ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ဗာနာ ကို သူနဲ့ တချိန်က အတူ တွဲကစားခဲ့ဖူးတဲ့ ဖာနန်ဒို တောရက်စ် နဲ့ ခိုင်းနှိုင်းဖို့ ငြင်းဆန်ခဲ့ပါတယ် ။

မနေ့ည က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ” တီမို ကို ကျွန်တော် ဘယ်သူနဲ့မှ မနှိုင်းယှဉ်လိုပါဘူး ။ လူတိုင်းမှာ သူ့ဘဝ ဇာတ်ကြောင်းနဲ့ သူရှိပါတယ် ။ ဖာနန်ဒို ဟာ ချဲလ်ဆီး မှာ ခက်ခဲတဲ့ အချိန် ကာလ တရပ် ကို ကျော်ဖြတ်ခဲ့ရပေမယ့် ၊ ချန်ပီယံလိဂ် အောင်မြင်မှု ရခဲ့ပါတယ် ။ ဒီတော့ သူတို့ ၂ယောက် ကို ကျွန်တော်တို့ အလွန်အကျွံ ခိုင်းနှိုင်းလို့ မရပါဘူး ။ ”

” ကျွန်တော် အပါအဝင် ချဲလ်ဆီး အသင်း နဲ့ သက်ဆိုင်တဲ့သူတွေ အားလုံး လောလောဆယ် မှာ တီမို ကို စိတ်သက်သာရာ ရစေမယ့် ၊ ယုံကြည်မှု ပိုမို မြင့်တက်စေမယ့် အကောင်းဆုံး ပတ်ဝန်းကျင် ကို ဖန်တီးပေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ။ ဒါဟာ သူကိုယ်တိုင် ပြင်းပြင်းထန်ထန် ကြိုးစားရမယ့် အရေးနဲ့လည်း သက်ဆိုင်ပါတယ် ။ ”

” တိုက်စစ်မှူးတိုင်း ဒီလို အခိုက်အတန့်မျိုး ကို သိကြပါတယ် ။ ပွဲတပွဲမှာ အခွင့်အရေးကောင်း တခု ကို အဆုံးမသတ်နိုင်ခဲ့ရင် ၊ နောက်ပွဲအတွက် လေ့ကျင့်ရေးကွင်းမှာ အကြိမ်ကြိမ် ထပ်မံ လေ့ကျင့်ရမှာ ဖြစ်ပါတယ် ။ အကြိမ် ထောင်သောင်းမက ခင်ဗျား အနေနဲ့ လေ့ကျင့်ပါစေ ၊ ဒီလို ရုန်းကန်ရတဲ့ အခိုက်အတန့်မျိုး လူတိုင်း ကျော်ဖြတ်ရတတ်ပါတယ် ။ ”

” ဒါပေမယ့် ဒီလို ရုန်းကန်နေရစဉ် အတွင်း ခင်ဗျား အနေနဲ့ ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် ကြိုးစားနေရပါမယ် ။ နောက်ပြီး ခင်ဗျား ရဲ့ ဘေးနားမှာ ထောက်ခံမှု ၊ ပံ့ပိုးမှုတွေ ပေးမယ့် မိတ်ဆွေတွေ လိုပါတယ် ။ လောလောဆယ် မှာ တီမို အနေနဲ့ ခေါင်းမော့ရင်ကော့ပြီး ၊ ကိုယ့်ရဲ့ လေ့ကျင့်မှု မှာပဲ အာရုံဆက်စိုက်ဖို့ လိုပါတယ် ။ ”

” ကျွန်တော့ အလုပ် က သူ့ကို ဆက်လက် အားပေး ထောက်ခံပေးဖို့ နဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ တိုက်တွန်းမှုတွေ နဲ့ ယုံကြည်မှု တက်လာအောင် ကြံဆောင်ပေးဖို့ ဖြစ်ပါတယ် ။ တီမို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အနည်းငယ် အတွင်း ဂျာမန်မြေမှာ ရခဲ့တဲ့ သွင်းဂိုးတွေ ကို ကံတရား ရဲ့ ဖေးမမှု နဲ့ သွင်းခဲ့တာ မဟုတ်ပါဘူူး ။ သူ့မှာ ကိုယ်ပိုင် အရည်အချင်း ရှိလို့ ဒီလို ဂိုးတွေ ဖြစ်လာခဲ့တာပါ ။ ”

” လောလောဆယ် သူ ကျော်ဖြတ်နေရတဲ့ ခက်ခဲတဲ့ အခိုက်အတန့် ဆိုတာ တိုတောင်းတဲ့ ကာလ တခုသာ ဖြစ်ပါတယ် ။ ဒီ အချိန် အပိုင်းအခြားလေးကပဲ သူ့ကို ချဲလ်ဆီး အသင်း မှာ အံ့သြဖွယ် အနာဂတ် ကစားသမား ဘဝ တခု အဖြစ် ဖန်တီးပေးနိုင်မယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒီအတွက် ကျွန်တော် လုံးဝ သံသယမဝင်မိပါဘူး ။ လူတွေလည်း ကျွန်တော် မြင်သလို ၊ တီမို အပေါ် မြင်ကြဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular