လာဇီယိုဥက္ကဌ ကလော်ဒီယို လိုတီတိုက ပြင်သစ်ကလပ် မာဆေးလ်ထံလက်လွှတ်လိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မေဆင်ဂရင်းဝုဒ်ကို ကြေးစားဘောလုံးသမားလို့ နာမည်တပ်ခဲ့ပြီး အသင်းမှာ ကြေးစားတွေအလိုမရှိဘူးလို့ ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂရင်းဝုဒ်ကို အမိအရခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက မာဆေးလ်ကိုသာ ရွေးချယ်ခဲ့တာကြောင့် ယခုအခါမှာ မကျေမနပ်ဖြစ်နေသေးပုံရတဲ့ လိုတီတိုအနေနဲ့ ထိုးနှက်ချက်တွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ လာဇီယိုဟာ ပြီးခဲ့တဲ့နှစ်မှာကတည်းက ဂရင်းဝုဒ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ နွေရာသီမှာလည်း ဆက်လက်ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
မာဆေးလ်ကတော့ လာဇီယိုနဲ့ယှဉ်ပြိုင်ရာမှာ အသာရခဲ့ပြီး ကစားသမားကို အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်သားဟာ လီဂူးဝမ်းမှာ ခြေစွမ်းပြနေပြီး လက်ရှိကစားထားတဲ့ လိဂ်ပွဲစဉ် ၇ ပွဲမှာ ၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ လီဂူးဝမ်းရဲ့ ဩဂုတ်လတစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး လိုတီတိုက “သူ့ကိုမခေါ်နိုင်ခဲ့လို့ ကျွန်တော်တို့ နောင်တမရပါဘူး။ လာဇီယိုကိုလာဖို့ လက်မခံတဲ့ကစားသမားမျိုးကို မခေါ်နိုင်ခဲ့တာ နောင်တရစရာမဟုတ်ပါဘူး။ သူအခု မာဆေးလ်မှာ အဆင်ပြေနေတာပါပဲ။ ဒါက သူရွေးချယ်ခဲ့တာပါ။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ကြေးစားကစားသမားတွေကို လက်မခံပါဘူး။ လာဇီယိုကို လာချင်တဲ့စိတ်ရှိတဲ့ကစားသမားမျိုးနဲ့ပဲ လက်တွဲသွားမှာပါ။ ကြေးစားတွေကို စိတ်ကုန်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ရာသီအစမှာ ဂရင်းဝုဒ်ဟာ မာဆေးလ်အတွက် ဂိုးတွေတဒိုင်းဒိုင်းသွင်းယူထားနိုင်ခဲ့ပေမယ့် မကြာသေးမီကပွဲစဉ်တွေမှာတော့ ဂိုးမိုးခေါင်နေတာကြောင့် ပရိသတ်တွေအကြား စိုးရိမ်မှုတွေရှိလာပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရော်ဘတ်တိုဒီဇာဘီရဲ့မာဆေးလ်ဟာ မောင့်ပယ်လီယာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂရင်းဝုဒ်အနေနဲ့ သွင်းဂိုးတွေပြန်လည်ရရှိလာမလား စောင့်ကြည့်သွားရပါမယ်။