ချဲလ်ဆီး အသင်းဟာ ၂၀၁၃ – ၂၀၁၄ ဘောလုံးရာသီ အစပိုင်း အထိ လက်ရှိ မန်စီးတီး အသင်း အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းကို ပိုင်ဆိုင်ခဲ့ဖူးပြီး ၊ ထိုနှစ် နွေရာသီ စျေးကွက် အတွင်းမှာပဲ ၄င်းကို ကလပ်ဖက်က ဝါဒါဘရီမင် အသင်းသို့ ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။
ဟိုဆေး မော်ရင်ဟိုရဲ့ တကျော့ပြန် ချဲလ်ဆီး မန်နေဂျာ ဘဝရဲ့ ပထမဆုံး ရာသီမှာ ဒီဘရိုင်းဟာ သူ့ရဲ့ ပထမဆုံး ချဲလ်ဆီး ပွဲထွက်ခွင့် ရခဲ့ပေမယ့် ၊ ဟာဇက် ၊ မာတာ ၊ အော်စကာ ၊ ရှာရယ်တို့ ရှိနေလို့ အရန်ခုံ ထိုင်ရဖို့ ရာခိုင်နှုန်း အတော်များများ ရှိခဲ့တာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။
ထိုရာသီမှာ ဒီဘရိုင်းရဲ့ အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ချဲလ်ဆီး ယာယီ Caretaker မန်နေဂျာ ဖရန့် လမ်းပတ်က ယင်းမန်စီးတီးကွင်းလယ်လူကို မော်ရင်ဟို ဘာကြောင့် ထုတ်ရောင်းခဲ့လဲ ဆိုတာနဲ့ ပတ်သက်ကာ ပြီးခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။
လမ်းပတ် က ” ကျွန်တော်ဟာ ကယ်ဗင်ကို ကစားသမား တယောက် အနေနဲ့ အမြဲ ကြိုက်နှစ်သက်ခဲ့ပါတယ် ။ သူ ချဲလ်ဆီးမှာ ရှိခဲ့စဉ်ကလည်း ကျွန်တော် သဘောကျခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးပြီး ၊ အခု လက်ရှိ ထိပ်တန်းအဆင့် ကွင်းလယ်လူ တဦး အဖြစ် ရပ်တည်နေတဲ့ အချိန်အထိ သူ့ကို ကျွန်တော် သဘောကျပါတယ် ။ ”
” ချဲလ်ဆီးမှာ သူ ရှိခဲ့တဲ့ အချိန်ကို ပြန်ပြောင်းပြောရရင် ၊ အဲဒီတုန်းက ကျွန်တော်တို့ဟာ ၄-၂-၃-၁ ကစားကွက်ကိုပဲ အဓိကထား သုံးခဲ့ပြီး ၊ ကျွန်တော်က အတွင်းနည်းနည်းကျတဲ့ ကွင်းလယ် နံပါတ် ၆ တနေရာမှာ ကစားခဲ့ရပါတယ် ။ ကယ်ဗင်က နံပါတ် ၁၀ နေရာ ၊ ဒါမှမဟုတ် ၊ တောင်ပံ တနေရာ အတွက် တိုက်ပွဲဝင်ခဲ့ရတာပါ ။ ”
” ဒီတော့ ကျွန်တော်တို့ဟာ တူညီတဲ့ နေရာ တနေရာတည်း အတွက် တိုက်ပွဲဝင်ခဲ့တာ မဟုတ်ဘူးလို့ ကျွန်တော် ပြောရပါမယ် ။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေးကို ခင်ဗျားတို့ မြင်နိုင်ခဲ့မှာပါ ။ ကယ်ဗင်ဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တဦး ဖြစ်ပြီး ၊ မန်စီးတီး အတွက် ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း တကယ့် ထိပ်တန်း ကစားသမား တယောက် ဖြစ်လာပါတယ် ။ ”
” သူဟာ သေချာပေါက် အန္တရာယ်ပေးလာနိုင်လို့ ကျွန်တော်တို့ အဲဒီအတွက် ပြင်ဆင်ရပါမယ် ။ သူ အသက်ငယ်ခဲ့စဉ်က ကျွန်တော်တို့ရဲ့ တိုက်စစ်က အတော်အသင့် သူ့နေရာနဲ့ သူ နေသားကျခဲ့ပါတယ် ။ အီဒင် ( ဟာဇက် ) ရှိခဲ့တယ် ၊ ( အန်ဒရေ ) ရှာရယ် ရှိခဲ့တယ် ၊ ဟွမ်မာတာလည်း ရှိခဲ့ပါတယ် ။ ”
” ကျွန်တော် မှတ်မိတာက ကယ်ဗင်ဟာ အဲဒီကတည်းက တကယ် ဆာလောင်မှု ပြသခဲ့ပြီး ၊ ပွဲကစားခွင့်တွေ ရဖို့ စိတ်ဆန္ဒတွေ ရှိခဲ့ပါတယ် ။ ကလပ် ၊ မန်နေဂျာတွေနဲ့ သူ့အကြား အတွင်းကိစ္စတွေမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတော့ ကျွန်တော် သေသေချာချာ မသိပါဘူး ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တဲ့အခါ ပုံမှန် ပွဲကစားခွင့် အတွက် သူ ချဲလ်ဆီးက ထွက်ခွာခဲ့တာကို ကျွန်တော် လေးစားပါတယ် ။ ”
” ပွဲကစားခွင့် ရတဲ့အခါ သူ့ဆီကနေ ဆာလောင်ပြင်းပြမှုကို ခင်ဗျား မြင်တွေ့နိုင်မှာ ဖြစ်သလို ၊ သူဟာ ကိုယ့်မှာ ဘယ်လို အရည်အချင်းတွေ ရှိသလဲ ဆိုတာ အမြဲ ထုတ်ပြတတ်ပါတယ် ။ သူဟာ ကြံ့ခိုင်မှု အရ တွန်းတွန်းတိုက်တိုက် ကစားနိုင်သလို ၊ ကစားသမား တယောက် အနေနဲ့ သူဟာ အံ့သြဖွယ် ထွန်းပေါက် တိုးတက်လာခဲ့တာပါ ။ ”
” သူ့ ကစားပုံ ကြည့်ရတာကို ကျွန်တော် ကြိုက်ပါတယ် ။ ကွင်းလယ်ကနေ သူ ရခဲ့တဲ့ သွင်းဂိုး ၊ ဖန်တီးမှု အရေအတွက်က အံ့သြစရာပါ ။ သူ့ရဲ့ ဘောလုံး ပေးပို့မှု အရည်အသွေးက တကယ် မိုက်ပါတယ် ။ ဒါက ဒီလိဂ်မှာ အကောင်းဆုံး မဟုတ်ရင်တောင် ထိပ်ပိုင်းမှာ ရှိနေမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။