လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အဓိပ္ပာယ် မရှိသလောက် ဖြစ်သွားတဲ့ ပရီးမီးယားလိဂ် လက်ကျန် ၇ပွဲကိုသာ ကျော်ဖြတ် ကစားဖို့ ကျန်ပါတော့တယ် ။
တန်းဆင်းဇုန်နဲ့ အန္တရာယ် အပြည့်အဝ မလွတ်ကင်းသည့်တိုင် ချဲလ်ဆီးဟာ လာမယ့် ၇ပွဲမှာ တပွဲလောက် နိုင်လိုက်ရင် နောက်ရာသီ အကြောင်း ကြိုစဉ်းစားလို့ ရနိုင်ပြီး ၊ လက်ရှိ အသင်းသားတွေရဲ့ စိတ်ထဲမှာလည်း ဖြစ်လာနိုင်မယ့် နည်းပြသစ်နဲ့ သူ့ရဲ့ ရာသီကြို ပြင်ဆင်မှု အကြောင်းသာ တွေးတောနေကြမှာ သေချာပါတယ် ။
ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်မှာတောင် မကြုံဖူးတဲ့ အဆိုးရွားဆုံး အနေအထားဟာ ယခုနှစ် ဘောလုံးရာသီ ဘာကြောင့် ချဲလ်ဆီးမှာ ဖြစ်ပျက်နေရတဲ့ အကြောင်းအရင်း များစွာ ရှိနေပြီး ၊ မလိုအပ်ပဲ ကစားသမားတွေ တယောက်ပြီး တယောက် ခေါ်ယူခဲ့တာကလည်း အချက် တချက် အနေနဲ့ ပါဝင်နေပါတယ် ။
ကစားသမားတွေ ကြိုက်ဈေးပေးပြီး ခေါ်နိုင်သလောက် မလိုအပ်တဲ့ ကစားသမားတွေကို ထုတ်မရောင်းနိုင်တာက ကစားသမား အရေအတွက် ဖောင်းပွမှုကို ဖြစ်စေခဲ့ပါတယ် ။ ရာသီတဝက်လောက်မှာ တသင်းစာလောက် ဒဏ်ရာ ပြဿနာ ရှိနေခဲ့တာကြောင့် ပြဿနာက သိပ်မသိသာပေမယ့် ၊ ရာသီကုန်ခါနီး ဒဏ်ရာ ပြဿနာ မရှိသလောက် နည်းလာချိန်မှာတော့ ထိုပြဿနာက ပိုပြီး ပေါ်လွင်လာပါတယ် ။
လာမယ့် ဗုဒ္ခဟူးနေ့ညမှာ ချဲလ်ဆီးဟာ ၎င်းတို့နဲ့ အိမ်နီးချင်း လန်ဒန်မြို့ခံ ပြိုင်ဖက် တသင်း ဖြစ်တဲ့ ဘရန်းဖို့ဒ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားရဖို့ ရှိပြီး ထိုပွဲမတိုင်ခင် ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်က ဒီရာသီ ချဲလ်ဆီးတို့ ရုန်းကန်နေရတဲ့ အဓိက အကြောင်းအရင်း တရပ်ကို အခုလိုပဲ ထုတ်ဖော် ဆွေးနွေးခဲ့ပါတယ် ။
ဖရန့် က ” ဒီရာသီ သူတို့ ရုန်းကန်နေရတာကို ကျွန်တော် သိပါတယ် ။ ယေဘူယျအားဖြင့် ခင်ဗျားဟာ ဒီလောက် များပြားတဲ့ ကစားသမား အရေအတွက်မျိုး မခေါ်ယူသင့်ဘူးလို့ ကျွန်တော် ယုံကြည်ထားပါတယ် ။ သူတို့ ကစားသမား ဘယ်နှယောက်ခေါ်လဲ ဆိုတာ ကျွန်တော့ အလုပ်မဟုတ်ပေမယ့် ၊ ကျွန်တော်ဟာ ပမာဏနည်းတဲ့ ကစားသမား အစုအဖွဲ့ကိုပဲ ယုံကြည်ပါတယ် ။ ”
” ကစားသမား စုဖွဲ့မှု နည်းပါးတာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါက မှန်ချင်လည်းမှန်မယ် ၊ မှားချင်လည်း မှားပါမယ် ။ ကျွန်တော် မသိပါဘူး ။ တစုံတယောက်က သူတို့ဟာ ကစားသမားသစ်တွေ ဝယ်တာ များလွန်းတာကြောင့် အခုလို ရုန်းကန်နေရတာလို ပြောနိုင်ပါတယ် ။ ကျွန်တော် မသိပါဘူး ။ ဒါကို ကျွန်တော် အဆုံးအဖြတ်ပေးရမှာ မဟုတ်ပါဘူး ။ ”
” ဒါပေမယ့် ဥပမာ ကွင်းတွင်း ကစားပေးနိုင်တဲ့ စီနီယာ ကစားသမား အယောက် ၃၀ ရှိနေတယ် ဆိုပါစို့ ၊ ခင်ဗျား သူတို့ အားလုံး ပျော်အောင် ဘယ်လို ထားပေးနိုင်မှာလဲ ? ဒါက အစီအစဉ် ဆွဲပြီး ဖြေရှင်းဖို့ ခက်ခဲတဲ့ အချက်အခြာကျတဲ့ ပြဿနာ တရပ် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” အခု ကျွန်တော်တောင် ကစားသမားတိုင်းကို ပျော်အောင် ထားနိုင်ဖို့ ရုန်းကန်ရပါတယ် ။ ဘာလို့လဲဆိုတော့ လူတိုင်းက ကစားခွင့် ရချင်ကြလို့ပါ ။ ခင်ဗျားမှာ မပျော်မွေ့တဲ့ ကစားသမား အရေအတွက် ပိုတောင်မှ များနေမယ်ဆိုရင် ခင်ဗျား ဘယ်လိုလုပ်ပြီး ကျစ်လျစ်တောင့်တင်းမှု ရှိတဲ့ ကစားသမား အစုအဖွဲ့ကို ဖန်တီးနိုင်မှာလဲ ? ဒါက အခက်တွေ့စေနိုင်တဲ့ ပြဿနာ အချို့ပဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။