စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခွင့်ရရန်အတွက် ချယ်လ်ဆီးအသင်းမှ ထွက်ခွာခဲ့ခြင်းသည် မှားယွင်းမှုတစ် ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နည်းပြ ဟောင်းဖြစ်သူ ဆာရီက Alfredo Pedulla.com နှင့် အင်တာဗျူးတွင် ဝန်ခံသွားခဲ့သည်။
ဆာရီသည် ချယ်လ်ဆီးဒါရိုက်တာဖြစ်သူ ဂရာနော့ဗ်စကိုင်ယာက သူ့အား အသင်း ကိုဆက်လက်ကိုင်တွယ်ရန် ဆန္ဒရှိသော်လည်း ၂၀၁၉ ခုနှစ်နွေရာသီတွင် လန်ဒန်ကလပ်အသင်းကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။
“ချယ်လ်ဆီး အသင်းမှာ မှားယွင်းမှုတစ်ခုလို့ ခံစားရတဲ့ အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါက တော့ အီတလီမြေကို ပြန်ချင်ခဲ့တာပါ။ မာရီနာ(ဂရာနော့ဗ်စကိုင်ယာ)က ကျွန်တော့်ကို ချယ်လ်ဆီးအသင်းကမထွက်ဖို့ တားဆီးခဲ့ပါ သေးတယ်။ ကျွန်တော်က အီတလီကိုပြန်ဖို့ပဲ ဆန္ဒရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ နောက်ပိုင်းနှစ် တွေမှာ ကျွန်တော့်စိတ်ကြိုက်ဖြစ်တဲ့ လူငယ်ကစားသမားအများအပြား ခေါ်ယူခဲ့ပါတယ်။ ဗာနာ၊ မေဆန်မောင့်နဲ့ ဇီယာ့ရှ်တို့အားလုံး ဟာ ကျွန်တော့်ကစားပုံနဲ့ဆို အံဝင်ခွင်ကျဖြစ်မယ့်သူတွေပါ”ဟု ဆာရီက ပြောကြားခဲ့သည်။
ဆာရီသည် ချယ်လ်ဆီးအသင်းကို တစ်ရာသီ သာကိုင်တွယ်ခဲ့ပြီး သူ၏နောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ (၄-၁)ဂိုးဖြင့်အနိုင်ယူကာ နည်းပြဘဝ ပထမဆုံးဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း နောက်တွင် ဂျူဗင်တပ်စ်၌ တစ်ရာသီသာခံခဲ့ကာ ထုတ်ပယ်ခံရပြီး လက်ရှိတွင် လာဇီယို နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရသည်။