ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူ တိုနီကရို့စ်က ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် ဆုံတွေ့ရမည့် ချယ်လ်ဆီးအသင်းထက် မိမိတို့အသင်းက ပိုမိုအားကောင်းသည့်အသင်းဟု ဆိုခဲ့ပြီး မန်စီးတီးအသင်း၏ တိုက်စစ်မှူးဟောင်း အဂွဲရိုးကမူ မည်သည့်အသင်း ဆီမီး တက်မည်ကို မှန်းဆရခက်ခဲကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ပြီးခဲ့သည့်ရာသီက ဆီမီးဖိုင်နယ်အဆင့်တွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး ထိုအချိန်က မူ ချယ်လ်ဆီးအသင်းက ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။
ယခုအချိန်တွင်မူ တိုနီကရို့စ်က ၎င်းတို့အသင်းက ပိုမိုအားကောင်းသည့်အသင်းဟု ဆိုခဲ့ပြီး ယမန်နှစ်က အမှားကို သင်ခန်းစာ ယူကာ ပြန်လည်အနိုင်ယူသွားမည်ဟု ဆိုခဲ့ခြင်းလည်းဖြစ်သည်။
တိုနီကရို့စ်က “ကျွန်တော်တို့ အသင်းက ပုံမှန်ခြေစွမ်းပြသနိုင်ချိန်မှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့အမှားတွေကို ပြင်နိုင်ခဲ့ရင် ချယ်လ်ဆီးကို ချန်ပီယံလိဂ်ကနေ ထွက်သွားအောင်လုပ်နိုင် စွမ်းရှိပါတယ်”ဟု ဆိုခဲ့သည်။
ဘောလုံးပွဲများသုံးသပ်နေသည့် အဂွဲရိုးကမူ “ကွာတားပွဲတိုင်းမှန်းရခက်ပါတယ်။ ဒီပွဲကလည်း ဘယ်အသင်းတက်မလဲ ပြောဖို့မလွယ်ပါဘူး”ဟု ဆိုခဲ့သည်။