ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ယခုကဲ့သို့ ကစားသမားများ၏ ဒဏ်ရာနှင့် ကျန်းမာရေးပြဿနာများရှိနေချိန်တွင် အမှတ်ပေးချန်ပီယံဆုအတွက် မိမိတွေးနေမည်ဆိုပါက ရူးနေခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ပွဲချိန် (၉၁)မိနစ်အကြာ၌ ချေပဂိုးအသွင်းခံခဲ့ရပြီး ယင်းပွဲတွင် အသင်း၏ ကစားသမားနှစ်ဦးဖြစ်သည့် ရီးစ်ဂျိမ်းစ်နှင့် ခရစ္စတန်ဆန်တို့လည်း ဒဏ်ရာရကစားသမားစာရင်းထဲ ရောက်ရှိသွားခဲ့သည်။
အဆိုပါသရေပွဲအပြီးတွင် ချယ်လ်ဆီးအသင်းသည် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မန်စီးတီးအသင်းနှင့် (၈)မှတ်အထိကွာဟသွားခဲ့ပြီး ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်အပေါ် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ တူဟယ်လ်က ”ကျွန်တော်တို့က ဘယ်လိုများ ဒီလိုနေရာမှာ ရှိနေသင့်မှာလဲ။ ကျွန်တော်တို့အသင်းမှာ COVID ပြဿနာ ရင်ဆိုင်နေရသူ (၇)ဦးရှိတယ်။ ကျွန်တော်တို့အသင်းရဲ့ ကစားသမား (၅၊ ၆) ဦးလောက်က (၆)ပတ် ဒါမှမ ဟုတ် ဒီထက်ပိုများတဲ့ကာလတွေ အနားယူရဦးမယ်။ အမှတ်ပေးချန်ပီယံလုပွဲမှာ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ပါဝင်သင့်ဦးမှာလဲ။ အသင်းတိုင်းလိုလိုက အင်အားပြည့်လူစာရင်းရှိနေကြတယ်။ အသင်းတိုင်းလိုလိုက အဓိကကစားသမားအစုံအလင်နဲ့ လေ့ကျင့်ခန်းဆင်းနေရတယ်။ ဒီလောက် ကိုဗစ်ပြဿနာတွေနဲ့ ဒဏ်ရာပြဿနာတွေကြားမှာ အမှတ်ပေးချန်ပီယံဆုအတွက် တွေးနေသေးတယ်ဆိုရင် ကျွန်တော် ရူးနေလို့ပဲဖြစ်လိမ့်မယ်”ဟု ပြောကြားခဲ့သည်။