မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိနှင့် မန်စီးတီးကစားသမားများအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း မတွေးသေးဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံမည့်အစီအစဉ်ကို အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် နယူးကာဆယ်အသင်းနှင့်ပွဲအပြီးတွင် အသင်းကစားသမားများကို အားလပ်ရက်ပေးခဲ့ကြောင်း သိရသည်။
ဂွါဒီယိုလာက “ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်။ ဘောလုံးအကြောင်း မေ့ထားပြီး မိသားစုနဲ့အတူ ချန်ပီယံအဖြစ် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း မပြောဖြစ်ပါဘူး။ ပရီးမီးယားလိဂ်မှာ နောက်ပွဲ အနိုင်ရဖို့သာ ဦးတည်ထားပြီး အဲဒါပြီးမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ထားပြီး မေလ (၂၉)ရက်တွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။