မန်စီးတီး – ချယ်လ်ဆီး (မြန်မာစံတော်ချိန် မေလ ၃၀ ရက် နံနက် ၁:၃၀ နာရီ)
မန်စီးတီးက ဒီရာသီ၊ အသင်းကြီးတွေနဲ့ ပွဲတွေမှာ ပြိုင်ဘက်အသင်းအပေါ် မူတည်ပြီး ၄-၂-၃-၁ သို့မဟုတ်၊ ၄-၃-၃ နဲ့ ကစားလေ့ရှိတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲကြီးနှစ်ပွဲကိုကြည့်ရင် PSG နဲ့ ပွဲတုန်းက ၄-၃-၃ ကို သုံးခဲ့ပြီး၊ ချယ်လ်ဆီးကို ရှုံးခဲ့တဲ့ FA ဖလားပွဲတုန်းကတော့ ၄-၂-၃-၁ ကိုသုံးခဲ့တာတွေ့ရတယ်။ ချယ်လ်ဆီးကို ရှုံးခဲ့တုန်းက ဂွါဒီယိုလာရဲ့အသင်း အဓိကပြဿနာတက်ခဲ့တာက Press ကို ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးရဲ့ Double-pivot ကစားသမားနှစ်ဦးက နောက်တန်းအထိ ဆင်းပေးပြီး ခံစစ်ကစားသမားတွေနဲ့ တစ်တန်းတည်းနီးပါး ဘောလုံးဆင်းတောင်းတဲ့အခါ Width က ကျယ်သွားပြီး မန်စီးတီးက Pressing လုပ်တဲ့အခါမှာလည်း ရှေ့ကို အရမ်းတက်ပြီး လုပ်ရတယ်။ အဲ့ဒီအချိန်မှာ မန်စီးတီးကွင်းလယ်မှာ Gap အကျယ်ကြီးတွေပေါ်ခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်ကစားသမားတွေအတွက် Space တွေရခဲ့တယ်။ ဒီလိုနဲ့ Press Break (ဖိအားပေးမှုများမှ ဖောက်ထွက်နိုင်ခြင်း)တွေ မကြာခဏဖြစ်ပြီး မန်စီးတီး အခက်တွေ့ခဲ့တာဖြစ်တယ်။
PSG နဲ့ ပွဲကို ပြန်စဉ်းစားမယ်ဆိုရင်တော့ ဂွါဒီယိုလာက ၄-၃-၃ ကို သုံးတယ်။ တိုက်စစ်ကစားသမားနဲ့ Recognised လုပ်ထားတဲ့ ပုံစံမဟုတ်ဘဲ Fluid Attacks ကိုသုံးခဲ့ပြီး ဖိုဒန်နဲ့ မာရက်ဇ်က တောင်ပံ၊ ဒီဘရိုင်းနားက False 9 ပုံစံ ကစားသွားခဲ့တယ်။ ဒီပုံစံက မန်စီးတီးအတွက် အလုပ်ဖြစ်ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ ၄-၃-၃ ကို သုံးခဲ့ပြီး၊ ပရီးမီးယားလိဂ်နောက်ဆုံးပွဲ မှာ (၂)ဂိုးသွင်းခဲ့့တဲ့ အဂွဲရိုး ပွဲထွက်ခွင့်မရဘူး၊ စတာလင် ပွဲထွက်ခွင့်ထပ်မရဘူးဆိုရင် အံ့ဩစရာမရှိဘူးလို့ပဲ ဆိုရမယ်။ မန်စီးတီးအတွက် သတင်းကောင်းက ဒဏ်ရာပြဿနာကြီးကြီးမားမားရှိမနေဘဲ ဘရိုက်တန်နဲ့ ပွဲတုန်းက မကစားခဲ့ရတဲ့ ဂွန်ဒိုဂန်လည်း ပြန်သက်သာနေပြီဖြစ်လို့ ချယ်လ်ဆီးထက်စာရင် ကံကောင်းတယ်လို့ ဆိုရမယ်။
ချယ်လ်ဆီးက အခုအချိန်အထိ ကွန်တေရဲ့ ဒဏ်ရာသတင်းကို စောင့်နေရဆဲဖြစ်ပြီး ကွန်တေသာ မကစားနိုင်ခဲ့ရင် ဒီပွဲက မန်စီးတီးကို ရှိရင်းစွဲထက် ပိုအလေးသာစေလိမ့်မယ်။ ကိုဗာချစ်က အက်စတွန်ဗီလာနဲ့ ပွဲမှာ စကစားခဲ့ပြီး မဆိုးဘူးလို့ ပြောရမှာဖြစ်ပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လုံလောက်တဲ့ ပွဲတွေကို မကစားခဲ့ရသလို၊ ဒဏ်ရာကနေ ရာနှုန်းပြည့် ပုံစံကောင်းပြန်ရဖို့လည်း မသေချာဘူး။ ဂျော်ဂျင်ဟိုကလည်း စိတ်မချရတဲ့ ကစားသမားဖြစ်ပြီး ဗိုလ်လုပွဲမှာ ကစားခဲ့ရင်တောင် သူကိုယ်တိုင် ဖိအားဝင်နေလိမ့်မယ်။ ဒါပေမဲ့ တူဟယ်လ်အတွက် သတင်းကောင်းကတော့ ဒီအခြေအနေမျိုးမှာ ရွေးချယ်စရာ ကစားသမားကောင်းတွေရှိနေပြီး၊ ဟာဗက်ဇ်၊ ဇီယာ့ရှ်တို့က အသင်းအတွက် အကျိုးပြုနိုင်သူတွေဖြစ်နေတယ်။ အဓိကပြဿနာက ဂိုးပေါက်မှာ ဖြစ်ပြီး မန်ဒီက လက်စွမ်းအရရော၊ ယုံကြည်မှုအရပါ မြင့်မားနေတဲ့ ဂိုးသမားပါ။ ကယ်ပါနဲ့ ဆိုရင် ချယ်လ်ဆီး ခံစစ်ကစားသမားတွေ ခံစားချက်ကောင်းမှာမဟုတ်သလို၊ ဒီအချက်က တိုက်စစ်ကိုလည်း ထိခိုက်စေလိမ့်မယ်။
ဒီပွဲမှာ မန်စီးတီးက ပိုရေပန်းစားတဲ့အသင်းဆိုတာ ချယ်လ်ဆီးပရိသတ်တွေကိုယ်တိုင်တောင် လက်ခံကြမယ်ထင်တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲဟာ မိနစ် (၉၀)အတွင်း ဘယ်အသင်းက ခြေပိုတွေ့၊ ပိုကံကောင်းသလဲဆိုတာက အရေးပါပြီး၊ အရည်အသွေးပိုင်းအရလည်းအရမ်းကွာခြားနေတာမျိုး မဟုတ်ဘူး။ နှစ်သင်းစလုံးရဲ့နည်းပြတွေက ကမ္ဘာ့အဆင့်နည်းပြတွေဖြစ်ပြီး ကိုယ့်အသင်းကိုယ် အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ကြသူတွေဖြစ်တယ်။ ဂွါဒီယိုလာက အတွေ့အကြုံပိုများပြီး ပိုကောင်းတဲ့အသင်းကို တည်ဆောက်ထားနိုင်သူဖြစ်ပေမဲ့ တူဟယ်လ်က မန်စီးတီးကို ဒီရာသီမှာတင် (အရေးမပါဘူးဆိုရင်တောင်) နှစ်ပွဲဆက်နိုင်အောင် ကစားထားနိုင်သူလည်းဖြစ်တယ်။ အရေးကြီးတာက ချယ်လ်ဆီးကွင်းလယ်မှာ ကွန်တေ ကစားနိုင်သလား၊ မကစားနိုင်ဘူးလား ဆိုတဲ့အချက်ဖြစ်ပြီး ကွန်တေသာ မပါရင်တော့ ပွဲက တစ်ဝက်အဖြေထွက်ပြီးသားအနေအထားဖြစ်တယ်။ နှစ်သင်းစလုံး လူစုံနဲ့ ပုံမှန်ခြေစွမ်းပြနိုင်ရင်တော့ အချိန်ပိုအထိ ရောက်သွားနိုင်ပါတယ်။
- မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရှုံးပွဲမရှိတက်ရောက်လာသည့် တစ်သင်းတည်းသောအသင်းဖြစ်ပြီး (၁၁)ပွဲအနိုင်ရရှိခဲ့ကာ (၁)ပွဲသရေကျခဲ့သည်။
- ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၇)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
- မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ဗို်လ်လုပွဲသို့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ကလပ်အသင်းများတွင် ဗိုလ်လုပွဲသို့တက်ရောက်နိုင်သည့် (၉)သင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
- ချယ်လ်ဆီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၃)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထူးခြားစွာပင် ယခင် (၂)ကြိမ် ချယ်လ်ဆီးအသင်း၏ မိနစ်(၉၀)အတွင်း ဗိုလ်လုပွဲရလဒ်များမှာ (၁-၁)ရလဒ်များ ဖြစ်ခဲ့သည်။