ဇွန်လ ၁၃ ရက်တွင် ခရိုအေးရှားအသင်း နှင့်ကစားရမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု အဖွင့်ပွဲမတိုင်မီ အင်္ဂလန်အသင်းအနေဖြင့် လုပ်ဆောင်စရာများစွာ ရှိနေပြီး ခံစစ်ပိုင်းမှာ တိုးတက်ရန်လိုအပ်သည့် အဓိကအစိတ်အပိုင်းဖြစ်ကြောင်း အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဝန်ခံပြောကြားခဲ့သည်။
ဆောက်ဂိတ်သည် သြစတြီးယား၊ ရိုမေးနီးယားအသင်းများကိုအနိုင်ရသည့် နိုင်ငံတကာခြေစမ်းပွဲများတွင် Four Backs ဖြင့် ကစားခဲ့ပြီး ခံစစ်အတွင်းနှစ်နေရာတွင် သူ့စိတ်ကြိုက်မှာ စတုန်းစ်-မက်ဂွိုင်းရားအတွဲဖြစ်သော်လည်း မက်ဂွိုင်းရားမှာ ဒဏ်ရာပြဿနာရှိနေသလို၊ စတုန်းစ်မှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကြောင့် အသင်းနှင့်ပူးပေါင်းရာတွင် နောက်ကျခဲ့သည်။
ပြီးခဲ့သည့်ခြေစမ်းပွဲ နှစ်ပွဲတွင် တိုင်ရုန်းမင်းစ်-ကိုအာဒီ၊ တိုင်ရုန်းမင်းစ်-ဘင်ဝှိုက်အတွဲများကို ဆောက်ဂိတ် စမ်းသပ်ခဲ့ပြီး နောက်ခံအစွန်လူနေရာများ$လည်း စမ်းသပ်မှုအမြောက်အမြား ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ ခံစစ်ကစားတဲ့ပုံစံက စနစ်တ ကျမဖြစ်ခဲ့ပါဘူး။ Recovery Run တွေကလည်း မကောင်းခဲ့ပါဘူး။ ဆိုလိုတာက ကွင်းလယ်က ဘောလုံးကိုင်ထားနိုင်ရင် နောက်တန်းကစားသမားတွေ ဆုံးဖြတ်ချက် ပိုချမှတ်နိုင်မှာပါ။ ဒီအရာနဲ့ပတ်သက်ပြီး တိုးတက်မှု တွေရှိလာနိုင်တာကို ကျွန်တော့်အနေနဲ့ ယုံမှားသံသယ မရှိပါဘူး” ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။