PSG အသင်းသည် လက်ရှိနည်းပြ ပိုချက်တီနို၏ နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် ကွန်တီနှင့်အတူ ယော်ကင်လိုးနှင့် သီယာဂိုမော့တာတို့ကို ချိန်ရွယ်နေကြောင်း အီတလီဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြခဲ့သည်။
PSG အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် ရည်မှန်းကြိုးပမ်းနေသော်လည်း ပိုချက်တီနို၏ဦးဆောင်မှုအောက်တွင် ရှုံးထွက်(၁၆)သင်းအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။
ထို့ကြောင့် အသင်းကို မြေလှန်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေရာ ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်၍ နည်းပြသစ် အစားထိုးခန့်အပ်ရန် စီစဉ်နေပြီဟုလည်း သတင်းထွက်လာခဲ့သည်။
PSG အသင်းသည် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဖလား(၃)ကြိမ် ရယူနိုင်ခဲ့သည့် ဇီဒန်းကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သော်လည်း ၎င်းက ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်သာ ပိုမိုဆန္ဒရှိနေသည့်အတွက် စပါးနည်းပြ ကွန်တီအပါအဝင် အခြားနည်းပြ(၃)ဦး ကို ပြောင်းလဲချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသတင်းနှင့် ပတ်သက်၍ ကွန်တီက ငြင်းဆန်ခဲ့သော်လည်း ဂျာနယ်လစ် ဒီမာဇီယိုက PSG တာဝန်ရှိသူများသည် အဆိုပါနည်းပြ(၃) ဦးနှင့် ဆက်သွယ်ဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သည်။
ထို့ပြင် ယခုလျာထားစာရင်း၌ PSG ကစားသမားဟောင်း သီယာဂိုမော့တာ ပါဝင်နေခြင်းမှာ အံ့အားသင့်စရာဖြစ်သော်လည်း လက်ရှိ စပီဇီယာနည်းပြ မော့တာမှာ PSG ပရိသတ်များ ကြိုက်နှစ်သက်သူူဖြစ်သည်ဟုလည်း ဆိုခဲ့သည်။