စပါးအသင်းတိုက်စစ်ကစားသမား ရစ် ချာလီဆန်က နည်းပြဖြစ်သူ ကွန်တီ အသင်းနှင့်လမ်းခွဲရစေရန်အတွက် ကစားသမားပုန်ကန်မှုကို ဦးဆောင်ခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ ကွန်တီသည် ဘုတ်အဖွဲ့နှင့် ကစားသမားများကို ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးရန် လအနည်းငယ်လိုသေးသော်လည်း မတ် ၂၆ ရက်တွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားရုပ်သံ TyC Sports ၏ ဂျာနယ်လစ်တစ်ဦးက စပါးအသင်းအနေဖြင့် ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်သည့် ရစ်ချာလီဆန်နှင့် ရိုမဲရိုးတို့က ထွက်ခွာမည်ဟု ခြိမ်းခြောက်မှုကြောင့် ကွန်တီနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြရာ ရစ်ချာ လီဆန်က ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး ၎င်းလက်အောက်တွင် ခြေစွမ်းမပြနိုင်သဖြင့် တောင်းပန်လိုကြောင်း Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

“ကျွန်တော်က သူ့ (ကွန်တီ) ကို ဆန့်ကျင်ခဲ့တဲ့ ပုန်ကန်သူခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ ဒါက တော်တော်လေးလွဲချော်နေတယ်။ ကျွန်တော့်အပေါ် သူမျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး။ သူဆက်ရှိနေစေဖို့ ကျွန် တော့်ဘက်က လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ သူထွက်သွားတဲ့အချိန်မှာ အရာအားလုံးအတွက် ကျေးဇူးတင်ကြောင်းနဲ့ အကောင်းဆုံးတွေရရှိစေဖို့ ဆန္ဒပြုကြောင်း ကျွန်တော် စာပို့ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ရစ်ချာလီဆန်သည် စပါးအသင်းအတွက် ၂၇ ပွဲကစား နှစ်ဂိုး (ချန်ပီယံလိဂ်) သာ သွင်းယူထားနိုင်ပြီး ရုန်းကန်နေရသည်။
